Sunday 22 January 2012

တောင်ကိုရီးယားနိုင်ငံက မြန်မာ အလုပ်သမားခြောက်ရာကျော် အလုပ်ကမ်းလှမ်း

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။

မြန်မာအလုပ်သမားခုနစ်ထောင်ကျော် သွားရောက်အလုပ်လုပ်ကိုင်ရန် လျှောက်လွှာတင် စောင့်ဆိုင်း လျက်ရှိသော တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ် သမားများအတွက် အလုပ်ခေါ်စာ ခြောက်ရာ
ကျော် ယခုရက်ပိုင်းအတွင်းတွင် ကျလာကြောင်း အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကိုရီးယားနိုင်ငံမှာ တရုတ်နှစ် သစ်ကူးကာလပွဲတော်တွေများနေလို့ အလုပ်သမား မခေါ်နိုင်သေးဘူးလို့
အကြောင်းကြားထားတာ ။ အခုရုတ်တရက် အလုပ်ခေါ်စာ ခြောက်ရာကျော်ကျလာတာပါ ။ နောက်ထပ်လည်း ကျလာတော့မှာပါ'' ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီတာဝန်ရှိသူက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ အလုပ်သမားများအတွက် အလုပ်ခေါ်စာ ကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ၁၅ဝ ဦးကျော်၊ ၁၆ ရက်နေ့တွင် ၂ဝဝ ဦး ကျော်၊ ၁၇ ရက်နေ့တွင် ၃ဝဝ ဦး ဝန်းကျင် ကျလာကြောင်း သက်ဆိုင်ရာ ထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ အလုပ် သမားစေလွှတ်မှုကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက တာဝန်ယူဆောင်ရွက်စဉ် ကိုရီးယားသွားရောက်လုပ်ကိုင်သူတိုင်း မဖြစ်မနေဖြေဆိုရသော ကိုရီးယား
ဘာသာအရည်အချင်းစစ်စာမေးပွဲကိုယခုနှစ်တွင် နှစ်ကြိမ်စစ်ဆေးခဲ့ကြောင်း၊ပထမအကြိမ်စစ်ဆေးခဲ့စဉ် စာမေးပွဲဖြေဆိုသူ ၄၅၃၂ ဦးရှိပြီး အောင်မြင်သူ၄၁ဝ၉ ဦးရှိခဲ့ကြောင်း၊ ယင်းအောင်မြင်သူများမှ အလုပ်လျှောက်လွှာတင်ထားသူ ၃၈၆၄ ဦးရှိသည့်အနက် အလုပ်ခန့်စာရထားသူ ၄ဝဝ ကျော်ကို စေလွှတ်
ပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ် စစ်ဆေးရာတွင် ဖြေဆိုသူ ၁၂၄၉၁ ဦးရှိပြီးအောင်မြင်သူ ၃၈ဝဝ ဦးရှိကြောင်း
အလုပ်သမားဝန်ကြီးဌာနထံမှသိရသည်။

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ် ဖြင့် တစ်နှစ်အတွင်း မြန်မာအလုပ်သမား ၂ဝဝဝ ကျော် စေလွှတ်နိုင်ပြီဖြစ်ကြောင်း ယင်းအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက
ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်သည့်စနစ်မှာ အလုပ်ရှင်က စိတ်ကြိုက် အလုပ်သမားခေါ်ယူသည့် စနစ်ဖြစ်သော်လည်း စာမေးပွဲသက်တမ်း ကုန်သည်အထိ ယင်းနိုင်ငံသို့ သွားရောက်
လုပ်ကိုင်ခွင့်မရရှိသူများရှိ၍ အဆိုပါ ပြဿနာများ ထပ်မံပေါ်ပေါက်ရန် စာမေးပွဲအောင်ထားသည့် အကြိမ်အလိုက် အလုပ်သမားစေလွှတ်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ဝန်ကြီးဌာနတို့ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည် ။


''ကိုရီးယားကို ဘယ်တော့သွားရမယ် ဆိုတာမသိဘူး။ အခု (Job Offer) တွေကျရင် တစ်ယောက်၊ နှစ်ယောက်
လောက်ပဲပါတယ်။ အဲဒါကိုစောင့်လို့ ဘာမှလည်းမလုပ်ဖြစ်ဘူး'' ဟု ကိုရီးယား
ဘာသာစကား အရည်အချင်းစစ် စာမေးပွဲအောင်မြင်ပြီး စောင့်ဆိုင်းနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသား
တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံမှ နှစ်နိုင်ငံအစိုးရ အချင်းချင်းသဘောတူညီမှု (Government to Government) စနစ်ဖြင့် တောင် ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ အလုပ်သမားစေလွှတ်လျက်ရှိပြီး မလေးရှားနိုင်ငံသို့ပါ စေလွှတ်ရန် ဆွေးနွေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ထံမှ သတင်းရရှိသည်။


Sources:
- The Voice Weekly (8/6)
-

No comments: