Tuesday 21 February 2012

ကိုရီးယား အီးပီ သက်တမ်း တစ်ခု ၊ မူလဗီဇာကြီး နှင့် နောက်တိုးဗီဇာ ၁ ကြိမ်

ဟိုးအရင်တပတ်က
< ကိုအီးပီ > အစ်ကို ကျနော်က တိုင်ပတ်ပြီး ပြန်လာတာ ၃ နှစ် ပြည့်တော့မယ် ။ သူဌေးက ပြောတော့ ၁ နှစ် နှင့် ၁၀လ ထပ်ရမယ်ပြောတယ် ။ အစ်ကို့ စာတွေဖတ်ကြည့်တော့ မရတော့တဲ့ သဘောဖြစ်နေပါတယ် ။ ဘယ်ဟာ မှန်သလဲအစ်ကို ၊ တိတိကျကျသိချင်ပါတယ် ။
< ကိုဝိုင်း> မရနိုင်တော့ပါဘူး ။
< ကိုအီးပီ > အော် ၊ ဟုတ်ကဲ့ ။


လွန်ခဲ့သည့်အပတ်က
< ကိုအီးပီ > အစ်ကို ၊ ကျနော် သူဌေးကို ပြောပြတော့ မယုံဘူးဖြစ်နေတယ် ။ အဲဒါနှင့် ကျနော်နှင့်သူဌေး ရုံးကို သွားပြီးမေးခဲ့ပြီ ၊ ရုံးစာရေးမက ၊ နောက်ထပ် ၁ နှစ် ၁၀ လ ထပ်ရမယ် ပြောလိုက်ပါတယ် ။
< ကိုဝိုင်း> ဘယ်ရုံးကိုသွားမေးတာလဲ ။
< ကိုအီးပီ> နိုဒုံ၈ျိဝေါန်ဆင်တာ (အလုပ်ထောက်ပံ့ရေးဌာန) ပါ ။
< ကိုဝိုင်း> ဟာ ၊ ဗီဇာကိစ္စက ၊ အင်မီဂရေးရှင်း(လဝက) သွားမေးရမှာလေ ။
< ကိုအီးပီ> ဟာ ၊ ဟုတ်လား ၊ အစ်ကို ။
< ကိုဝိုင်း> ပေးရင်လည်း ၊ ယူလိုက်ပေါ့ဗျာ ၊ ရတာပေါ့ ။ အီးပီဥပဒေအရတော့ ၊ မရတော့ဘူး ။
< ကိုဝိုင်း> လဝက အရာရှိက ကြောင်ပြီးပေးလိုက်တော့လည်း ရတာပေါ့ ။
*********
ခုတလော ၊ တိုင်ပတ်ပြန် ၃ နှစ် ၊ အီးပီများ တော်တော် ၊ ဇဝေဇဝါ ဖြစ်နေကြဟန် တူပါသည် ။ အတော်လေး ၊ မေးကြ မြန်းကြ ၊ ဆွေးနွေးကြတာတွေ ကြားရပါသည် ။
သည်ပြဿနာမှာ ကျနော်တို့ မြန်မာများသာမက အခြားသော ဘဝတူ နိုင်ငံခြားသား အီးနိုင်းကိုကိုများရော ၊ ကိုရီးယားလုပ်ငန်းရှင်များပါ မကြာခဏ မေးကြမြန်းကြ ဆွေးနွေးကြသည့် ကိစ္စဖြစ်ပါသည် ။ [Click Here] အဖြေမှာရှင်းပါသည် ။


ကိုရီးယားအီးပီဥပဒေအရ ကိုရီးယားဘာသာဖြင့် အောက်ပါအတိုင်း ဆိုထားပါသည် -
외국인근로자의 고용 등에 관한 법률[시행 2010. 7. 5]
[법률 제10339호, 2010. 6. 4, 타법개정]

제18조 (취업활동 기간의 제한)
외국인근로자는 입국한 날부터 3년의 범위에서 취업활동을 할 수 있다. [전문개정 2012.2.1] [시행일 : 2012.7.2] 제18조

제18조의2 (취업활동 기간 제한에 관한 특례)
① 다음 각 호의 외국인근로자는 제18조제1항에도 불구하고 1회에 한정하여 2년 미만의 범위에서 취업활동 기간을 연장받을 수 있다. <개정 2010.6.4>

1. 제8조제4항에 따른 고용허가를 받은 사용자에게 고용된 외국인근로자로서 제18조에 따른 취업활동 기간 3년이 만료되어 출국하기 전에 사용자가 고용노동부장관에게 재고용 허가를 요청한 근로자


2. 제12조제3항에 따른 특례고용가능확인을 받은 사용자에게 고용된 외국인근로자로서 제18조에 따른 취업활동 기간 3년이 만료되어 출국하기 전에 사용자가 고용노동부장관에게 재고용 허가를 요청한 근로자

② 제1항에 따른 사용자의 재고용 허가 요청 절차 등에 관하여 필요한 사항은 고용노동부령으로 정한다. <개정 2010.6.4> [전문개정 2009.10.9]


၃ နှစ်ချင်းမှားနေကြ
ပုဒ်မ ၁၈ ၊ အရ အီးနိုင်းများကို ပြည်ဝင်ရက်မှ စ၍ ၃ နှစ် ကန့်သတ်ချက်ဖြင့် အလုပ်လုပ်ခွင့်ပြုထားပါသည် ။
သို့ရာတွင် ၊ ပုဒ်မ ၁၈-၂ ၏ ပုဒ်မခွဲ ၁ အရ ကိုရီးယား အလုပ်ရှင်က ထပ်မံငှားရမ်းလိုလျင် ၂ နှစ်ထက်မကျော်စေဘဲ ၊ ၁ ကြိမ် အကန့်အသတ်ဖြင့် ထပ်မံ ငှားရမ်းခွင့် (နောက်တိုးဗီဇာ) ရရှိပါသည် ။


သည်တော့ ကိုရီးယားအီးပီစနစ်မှာ ပုဒ်မ ၈အရ ပေးထားတဲ့ မူလ ဗီဇာ (ဗီဇာကြီး) ၃ နှစ် ရပါတယ် ။
၃ နှစ်ပြီးတော့ ပြန်ရုံပါပဲ ။ သို့သော် ၃နှစ်ကုန်တော့ ပြည်တော် မပြန်ကြဘဲ ရက်ကျော်နေကြတဲ့သူက များပြီးရင်းများလာပါတယ် ။ သည်တော့ ကိုရီးယားအလုပ်ရှင်တွေက ကြိုက်ရင် ၃ နှစ်ပြန်ပေးမယ်ဆိုပြီးဖြစ်လာပါတယ် ။ သည်တော့ အလုပ်ရှင်ကြိုက်သော် ပြည်တော်ပြန် ၃လ ကျော်နေပြီး ၊ နောက်တစ်ခေါက်ပြန်လာဆိုပြီး ဖြစ်လာပါတယ် ။
ပုဒ်မ ၁၈ မှာ ပုဒ်မ ၁၈-၂ ဆိုပြီးတိုးလာပါတယ် ။ အဲသည်ပုဒ်မအရ နောက်တိုးဗီဇာ ၁ကြိမ် ထပ်မံရရှိပါတယ် ။
ပထမဦးဆုံးပေးစဉ်တုံးက ၃ နှစ်ပါ ။

နောက်တိုးဗီဇာ ၃ နှစ်မှ ၂ နှစ်ဖြစ်လာ
နောက်တော့ ၃လအတွင်း ၊ လုပ်ငန်းရှင်တွေ အဆင်မပြေဘူး ၊ အလုပ်သမားအသစ်လည်းခိုင်းမရ ၊ အလုပ်သမားဟောင်းတွေကလည်း ပြန်လာလို့မရဆိုတော့ ကြားကာလမှာ အခက်အခဲဖြစ်ကြပါတယ် ။
သည်တော့ ပြည်တော်မပြန်ဘဲ ၊ နောက်တိုးဗီဇာ ယူကြစေဆိုပြီး ဖြစ်လာပါတယ် ။

၃ နှစ်ပေးလိုက်လျင် စုစုပေါင်း ၆ နှစ်ဆက်တိုက်ဖြစ်သွားပါလိမ့်မယ် ။ အဲသည်အနေအထားမှာဆို လူလည် အီးနိုင်းများပါခဲ့သော် အခြေခံ ဥပဒေနှင့် နိုင်ငံသားဖြစ်မှုဥပဒေများအရ ကိုရီးယား နိုင်ငံသား လျှောက်လိုသူများ ရှိလာမှာ ဖြစ်ပါတယ် ။ ၅ နှစ်ပြည့်ပြီး နိုင်ငံခြားသားများ ကိုရီးယားနိုင်ငံသားအဖြစ်လျှောက်သူများ ရှိခဲ့သော် ၊ ရသော်ရှိ မရသော်ရှိ အမှုတွဲလက်ခံပေးရမည့် တာဝန်ရှိလာလို့ ကိုရီးယားအစိုးရ အလုပ်ရှုပ်ပါလိမ့်မယ် ။ သည်တော့ တစ်ဆက်တည်း ၅ နှစ်မကျော်အောင် ၊ နောက်တိုးဗီဇာကို ၂ နှစ်လို့ကန့်လိုက်ပါတယ် ။


နောက်တိုးဗီဇာ ၂ နှစ်မှ ၂ လထပ်လျှော့
အဲသည်မှာလည်း ပြဿနာတွေရှိလာပါတယ် ။ အချို့ ၅ နှစ် ပြည့်ပြီး ပြန်ရမှာဖြစ်သော်လည်း ၊ မလွဲမရှောင်သာတဲ့ ကိစ္စများကြေင့် ၅ နှစ်ကျော်နေရမယ့် ကိစ္စတွေ ဖြစ်လာပါတယ် ။ ဥပမာအားဖြင့် ၊ နောက်ဆုံးထုတ် လစာ မရတာတို့ ၊ လုပ်သက်ဆုကြေး မရတာတို့ နှင့် ပတ်သက်ပြီး ၊ အလုပ်သမားကော်မတီ (ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီ) မှာတင်မပြီး ဘဲ တရားရုံးတက်ရမယ့် ကိစ္စတွေရှိလာတာမျိုးပါ ။ အခြားဗီဇာ တစ်ခုခုပေးထားရပေမယ့် ၊ တစ်ဆက်တည်း ၅နှစ် ကျော်နေပြီမို့ နိုင်ငံသားလျှောက်ထားတဲ့ ကိစ္စများရှိလာခဲ့သော် အစိုးရမှာ အလုပ်ရှုပ်လာတော့မှာမို့ ၊ နောက်တိုးဗီဇာကို ၂နှစ်ကနေ ၁ နှစ် ၁၀လ သို့ လျှော့လိုက်ပါတော့တယ် ။ ဆိုလိုတာက ပြဿနာဖြစ်ရင် ၅နှစ် မကျော်ခင် ၂လအတွင်း အပြီးရှင်းပေါ့ဗျာ ။


လူတော်များ နေခွင့်ပြုမယ့် စနစ်
အခုတော့ ကိုရီးယားအစိုးရ နိုင်ငံခြားသားများရဲ့ တန်ဖိုးကို သဘောပေါက်လာပါပြီ လို့ ထင်ပါတယ် ။
အလုပ်ကြိုးစားသော အီးနိုင်းကိုကို မမများနှင့် ၊ လူတော်လူကျော်နိုင်ငံခြားသားများကို တစ်ဆက်တည်း ၅ နှစ်ကျော်သော်လည်း နေထိုင်ခွင့်ပေးမယ့် အစီအစဉ်များလည်း တစ်ခုပြီး တစ်ခု လုပ်ပေးနေတာတွေ့နေရပါတယ် ။


ခုလောလောဆည်မှာ သည်လိုပါ
မည်သို့ပင်ဆိုစေကာမူ ၊ လောလောဆည်မှာတော့ -
အီးနိုင်းကိုကိုများခင်ဗျာ ၊
အီးပီ ဥပဒေ ပုဒ်မ ၁၈-၂ ၊ ပုဒ်မခွဲ၁ အရ ၊ သက်တမ်းကြီး(မူလ)ဗီဇာ ၃ နှစ် နှင့် နောက်တိုးဗီဇာ တစ်ကြိမ် ( ၃ နှစ် သို့မဟုတ် ၂ နှစ် သို့မဟုတ် ၁ နှစ်၁၀ လ ) သာ ရရှိဦးမည်ဖြစ်ပါတယ် ။
အီးပီ စနစ် ၁ ကြိမ် (၆ နှစ် သို့မဟုတ် ၅ နှစ်) လည် ပြီးသူများ နောက်ထပ် ၁ နှစ် ၁၀ လထပ်ရမယ်ဆိုတာ မဟုတ်ပါ ။ အဲသည်ပုဂ္ဂိုလ်များ အနက် အထူး စာမေးပွဲဖြေပြီး ပြန်လာဖို့ အခွင့်ရရှိသူများကတော့ ၊ အထူးစာမေးပွဲဖြေပြီး (၃လနောက်) ပြန်လာနိုင်ကြပါတယ် ။ အထူးစာမေးပွဲ ဖြေခွင့်မရသူများ ၊ ပြည်တော်ပြန်ပြီး ၆ လနောက်မှာ ရိုးရိုးစာမေးပွဲဖြေပြီး ပြန်လာခွင့်ရှိမှာဖြစ်ပါတယ် ။ (နာမည်ပြောင်းဖို့လိုမည်မဟုတ်ပါ ။) နောက်ထပ် အီးပီစနစ် တစ်ပတ်လည်မှာဖြစ်တဲ့အတွက် နောက်ထပ် ဗီဇာကြီး သက်တမ်း ၁ခု (၃-နှစ်) နှင့် နောက်တိုးဗီဇာ ၁နှစ်နှင့် ၁၀ လ ရရှိမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ် ။


လေးစားမှုဖြင့် -


ကိုဝိုင်း(မိုးညှင်း)
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀

No comments: