Tuesday 14 February 2012

အထူးအီးပီကိုရီးယားစာမေးပွဲ ၅ နိုင်ငံတွင် စစ်မေးမည် ၊ ပြင်ဆင်ဆဲ နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါရှိ

ဆောအူးလ် ၊ ဖေဖေါ်ဝါရီ ၁၅
ကိုရီးယားဘာသာ အထူးစာမေးပွဲကို ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဥဇဘက်ကစ္စတန် ၊ ပါကစ္စတန် စသည့် ၅ နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကိုရီးယားလူ့အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (www.hrdkorea.or.kr) နှင့် အီးပီအက်စ် (www.eps.go.kr) အင်တာနက်စာမျက်နှာများတွင် ကြေညာထားပါသည် ။
အထူးအီးပီကိုရီးယားစာမေးပွဲများကို ကွန်ပျူတာအခြေပြုစစ်မေးနည်း (Computer Based Testး CBT) ဖြင့် ၃ လပတ်လျင် အနည်းဆုံး ၁ ကြိမ် နှုန်း စစ်ဆေးသွားမည်ဟုဆိုပါသည် ။

ကျန်ရှိသော မြန်မာ ၊ ကမ္ဘောဒီးယား ၊ အရှေ့တီမော ၊ မွန်ဂိုးလ် ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ ခီးလ်ကစ္စတန် စသည့်နိုင်ငံများတွင်မူ စာမေးပွဲသုံး ကွန်ပျူတာစနစ် တပ်ဆင်ဆဲဖြစ်သဖြင့် ၊ အထူးစာမေးပွဲ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း ၊ စာမေးပွဲဖြေဆိုအောင်မြင်ပြီးပါက ၊ အနည်းဆုံး ၁ နှစ်နှင့် အထက်အလုပ်လုပ်ခဲ့သော နောက်ဆုံးအလုပ်ရှင်က တိုက်ရိုက်ခေါ်ယူနိုင်ကြောင်း ၊ အများဆုံး ၃ နှစ် စာချုပ်ချုပ်နိုင်ပြီး ကြိုက်နှစ်သက်ပါက နောက်ထပ် နောက်တိုးဗီဇာ ၁ နှစ်နှင့် ၁၀ လ ထပ်မံရရှိမည်ဖြစ်ကြောင်း သိရသည် ။

စာမေးပွဲကို ၂ပိုင်းဖြေဆိုရမည်ဖြစ်ကြောင်း ၊ ပထမပိုင်း မေးခွန်းပုံစံမှာ ဖတ် ၂၅ ပုဒ် ၊ ဖြေဆိုချိန် ၄၀ မိနစ် ၊ ပေးမှတ် ၁၀၀ ၊ ဒုတိယပိုင်း နားထောင် ၂၅ ပုဒ် ၊ ဖြေဆိုချိန် ၃၀ မိနစ် ၊ ပေးမှတ် ၁၀၀ မှတ် ၊ ၂ ပိုင်း ပေါင်းပေးမှတ် ၂၀၀ မှတ် အနက် အနည်းဆုံး ၈၀ မှတ်ရမှသာလျင် ဗီဇာလျှောက်ခွင့်ရှိမည်ဟုဆိုပါသည် ။ စာမေးပွဲ အကြား နားချိန်မရှိ ၊ စာမေးပွဲခန်းအတွင်းသို့ အမ်ပီ-၃ ၊ လက်ကိုင်ဖုန်း ပီဒီအေ စသည်များ ယူဆောင်ခွင့်မရှိဟုဆိုပါသည် ။
အဆိုပါ လုပ်သားများမှာ ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ၊ ငါးလုပ်ငန်း များတွင် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ၊ မူလလုပ်ငန်းရှင်က ပြန်ခေါ်မည့်သူများမှာ အခြားလုပ်ငန်း ရွေးချယ်ခွင့်မရှိ ၊ မူလလုပ်ငန်းရှင်၏ လုပ်ငန်းအမျိုးအစားကိုသာ ရွေးချယ်ကြရမည်ဖြစ်ကြောင်းလည်း သိရသည် ။
စာမေးပွဲမေးခွန်းနမူနာပုံစံများကို [Click Here] တွင် အခမဲ့ ကြည့်ရှု ဆွဲချ ရယူနိုင်ကြောင်း ၊ စာမေးပွဲတွင် အဆိုပါ နမူနာမေးခွန်းများမှ ၇၀ ရာခိုင်နှုန်း ပါရှိမည်ဖြစ်ပြီး ၊ ထုတ်ပြန်ထားခြင်းမရှိသည့် မေးခွန်းအသစ် ၃၀ ရာခိုင်နှုန်းပါရှိမည်ဖြစ်ကြောင်းလည်း သိရပါသည် ။

ရည်ညွှန်းသတင်းများ -
- http://epsklt.hrdkorea.or.kr
- www.hrdkorea.or.kr
- www.eps.go.kr

No comments: