Friday 4 May 2012

စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီး အီးပီလုပ်သားများကို နောက်ထပ်ပြန်ခေါ်လို့ရမရ

စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီးသော အီးပီလုပ်သားများ နောက်ထပ်ပြန်ခေါ်လို့ရတယ်ဆိုတာဟုတ်မဟုတ်နှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ရဲ့ မေးမြန်းချက်ကို ကြိုးစားပြီး ပြန်လည်ဖြေကြားလိုက်ပါတယ် ။
သိလိုသည်များမှာ
သို့ 
နေ့ စွဲ ။ 1-5-2012
ကိုဝိုင်းခင်ဗျာ
ရိုသေလေးစားအားကိုးစွာဖြင့် ကျွန်တော်သိလိုသည်များကို မေးမြန်းလိုက်ပါသည်။ ဒီအချက်တွေကို ကျွန်တော်သိချင်သလို အခြားသိချင်သူများလည်း အများအပြား ရှိနိုင်မည်ဟု ယုံကြည်ပါသဖြင့်  ကျေးဇူးပြုပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးစေချင်ပါတယ်ခင်ဗျ။
အကြောင်းအရာကတော့ စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြီးတဲ့ လုပ်သားတစ်ယောက်ဟာ နောက်ထပ်သက်တမ်းတို့ လို့ ရတယ်ဆိုတာပါ။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဟန်းဂုရွာမှာ ယခင်အနည်းအကျဉ်းဖေါ်ပြထားတာတော့ ဖတ်မိပါတယ်။ မရှင်းတာလေးတွေရှိလို့  ထပ်မေးလိုက်ရတာပါ။
၁။ စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ခဲ့တဲ့လူကို ပြန်ခေါ်လို့ ရတယ်ဆိုတဲ့နေရာမှာ အနည်းဆုံးလုပ်သက် ဘယ်လောက်ထိရှိဖို့ လိုပါသလဲ ။ (တချို့ က အနည်းဆုံး ၁ နှစ်ခွဲရှိရင်ရပြီလို့ ပြောနေကြလို့ ပါ။ )
၂။ ဗီဇာကန့် သတ်ချက်ရှိပါသလား။ (E-9 ဗီဇာ E-9-2 ဗီဇာကွာဟမှု။ )
ကျွန်တော်တို့ က 2006 က Training ဗီဇာနဲ့ ရောက်လာပြီး ၃ နှစ်ပြည့် မြန်မာပြည်ပြန်သွား ပြန်လာပြီး ယခုထပ်မံ ၃ နှစ်ပြည့်မဲ့ လူတွေပါ။ ကျွန်တော်တို့  ID ကတ်မှာ ဗီဇာက E-9-2 ပါ။ တချို့ က ပြန်ခေါ်လို့  ရတဲ့ထဲမှာ အရင် Training ဗီဇာသမားတွေ မပါဘဲ Work Permit သမားတွေသာ အကျုံးဝင်တယ်လို့ ပြောကြပါတယ်။ ဒီတော့ 
၃။ ပြန်ခေါ်လို့ ရတဲ့အထဲမှာ အရင် Training ဗီဇာနဲ့ လာတဲ့လူတွေ (E-9-2 ကိုင်ထားတဲ့လူတွေ) ပါ ပါသလား။
၎။ အကယ်၍ ပါခဲ့ရင် ဘာတွေ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရပါမလဲ။
(က) သက်တမ်းပြန်တိုးမယ်ဆိုရင် မြန်မာပြည်ကို မဖြစ်မနေ ပြန်ရပါမလား။
(ခ) ပြန်ပြီးရင် ပြန်လာဖို့ အတွက် အနည်းဆုံးနဲ့ အများဆုံး ဘယ်လောက်ထိစောင့် ရပါမလဲ။
(ဂ) စာမေးပွဲ ပြန်ဖြေရပါမလား။
(ဃ) ကျွန်တော်တို့  အလုပ်သမားတွေဘက်က ဘာတွေလုပ်ဆောင်ရပါမလဲ။
(င) အလုပ်ရှင်ဘက်ကရော ဘာတွေလုပ်ဆောင်ရပါမလဲ။
အထက်ပါအချက်များမှာ ကိုဝိုင်းထံသို့  ကျွန်တော်ဖုန်းဆက်မေးခဲ့စဉ်က အလုပ်များသော ကိုဝိုင်းအား အားနား၍ အပြည့် အစုံမမေးဖြစ်ခဲ့ပါ။ ၇ လပိုင်း ၂ ရက်နေ့  ဥပဒေထွက်မှသာ သေချာသိရမည်ဟု အကြမ်းဖျင်းသိရှိခဲ့ရပါသည်။ သို့ သော် ကျွန်တော်တို့ အနေဖြင့် လုပ်ဆောင်ရန်ကိစ္စများအတွက် အချိန်မရမှာစိုး၍ ကိုဝိုင်းအနေဖြင့် သိထားသလောက် ဖြေကြားပေးစေချင်ပါတယ်ခင်ဗျား။ ကျွန်တော့် ဗီဇာက ၇ လပိုင်း ၁၅ ရက်နေ့ ပြည့်မှာပါ။ ရည်ရွယ်ချက်ကလည်း မပြီးမြောက်သေးတော့ ကိုရီးယားက မပြန်ချင်သေးပါ။ အကယ်၍ ဗီဇာတိုးမရခဲ့ရင် အိုဖို့ အတွက် ကြိုတင်ပြင်ဆင်ရအောင်နဲ့ ဗီဇာတိုးဖို့  မြန်မာပြည် ပြန်ရမယ်ဆိုရင်လည်း ပြန်ဖို့ အတွက် ပြင်ဆင်ဖို့  အချိန်လေးယူချင်လို့ ပါ။
လေးစားစွာဖြင့်
ထွန်းထွန်းနှင့် သူငယ်ချင်းများ
ပြန်လည်ဖြေကြားလိုက်ပါတယ်
စက်ရုံတစ်ရုံမှာ ၅ နှစ်ဆက်တိုက်လုပ်ပြိးရင် ၊ နေက်ထပ်သက်တမ်းတိုးလို့ရတယ်ဆိုတာ ဟုတ်ပေမယ့် မမှန်သေးပါဘူး ။
အီးပီ လုပ်သားတစ်ယောက် ၊ ကိုရိးယားရောက်လာပြီး စက်ရုံ သို့မဟုတ် အလုပ်ရုံ တစ်ရုံမျှ မပြောင်းဘဲ ၊ အီးပီသက်တမ်းတစ်ခုကုန်သည်အထိ စက်ရုံ သို့မဟုတ် အလုပ်ရုံ တစ်ရုံတည်းမှာ စွဲစွဲမြဲမြဲလုပ်ခဲ့မည်ဆိုလျင် ၊ အဲသည် အလုပ်သမားကို အဲသည်သူဌေးက နောက်ထပ် အီးပီသက်တမ်းးတစ်ခု ထပ်ငှားလို့ရတယ်လို့ဆိုထားတာပါ ။ ဘာစာမေးပွဲမှ ဖြေစရာမလိုပါဘူး ။ ဟိုးအရင် ၃-နှစ်ပြည့်လို့ တိုင်ပတ်(စတေးရှောင်)ကြသလိုမျိုးပါ ပဲ ။
ဒါတွေလုပ်ရမယ်
လုပ်နည်းက -
- သူဌေးနှင့် အလုပ်သမား အလုပ်စာချုပ်ထပ်ချုပါရပါမယ် ။
- အလုပ်ထောက်ပံ့ရေးစင်တာမှာ မှတ်ပုံတင်ရပါမယ်။
- လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာထုတ်ပေးရန်သက်သေခံလက်မှတ် (Confirmation Certificate of Visa Issuande) လျှောက်ယူရပါမယ် ။
- အလုပ်သမားက မြန်မာပြည်ပြန်ပြီး ကိုရီးယားသံရုံး(မြန်မာပြည်)မှာ လဝကထုတ်ပေးလိုက်တဲ့ ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ်ကို အထောက်အထားပြုပြီး ပြည်ဝင် ဗီဇာလျှောက်ရပါမယ် ။
- ဗီဇာရလျင် (အနည်းဆုံး မြန်မာပြည်မှာ ၃လ နေပြီးမှ) ကိုရီးယားသို့ ပြန်ဝင်ခွင့်ရှိပါမယ် ။
ကန့်သတ်ချက်တွေရှိတယ်
ကန့်သတ်ချက်တွေကတော့ -
- စက်ရုံ တစ်ရုံ (တစ်ကြိမ်)ပြောင်းဖူးသူများ ဤ အခွင့်အရေးရမည်မဟုတ်ပါ ။
- ပထမ အီးပီသက်တမ်းကုန် (၆နှစ် သို့မဟုတ် ၅ နှစ် သို့မဟုတ် ၄နှစ်၁၀လစသည်) အလုပ်လုပ်ခဲ့သူ ဖြစ်ရပါမည်။
- မူလအလုပ်ရှင်ကသာ ပြန်ခေါ်ယူခွင့်ရှိပါသည် ။
- ပြန်လည်ခေါ်ယူရန် အလုပ်စာချုပ်ချုပ်သည့်နေ့တွင် ၊ အသက် ၃၉ နှစ်ထက် မကျော်စေရပါ ။
- E-9, E-9-2 , E-9-3, ..စသည် ခွဲခြားမထားပါ ။ EPS လုပ်သား အားလုံးအကျုံးဝင်ပါသည် ။ (သင်တန်းသားမှ ပြောင်းလာသူများလည်း အကျုံးဝင်ပါသည်)။
- ၂၀၁၂ ဇူလိုင်လ ၂ ရက်နေ့နောက်ပိုင်း တွင် ၊ အီးနိုင်းသက်တမ်းကုန်မည့်သူများသာ အကျုံးဝင်ပါမည် ။
- ဥပဒေ ထွက်ရှိပြီးဖြစ်သော်လည်း ၊ ဇူလိုင်လ ၂ ရက်နေ့မှသာ ဥပဒေ အသက်ဝင်မည်ဖြစ်ပါသည် ။
- ဇူလိုင် ၁၅ ရက်နေ့တွင် ဗီဇာကုန်မည့် ကိုထွန်းထွန်းအနေဖြင့် ၊ ရုံတစ်ရုံတည်းမှာသာ သက်တမ်းကုန်လုပ်ခဲ့မည်ဆိုလျင် ၊ အသက်ကလည်း ၃၉ နှစ် မကျော်သေးဘူးဆိုလျင် ၊ နောက်ထပ် အီးနိုင်း သက်တမ်း တစ်ခု ထပ်မံ ရရှိမည်ဖြစ်ပါသည် ။
ကိုဝိုင်းချည်းအားမကိုးနဲ့
အရှင်းလင်းဆုံးဖြစ်အောင်တော့ ၊ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးစင်တာ နှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ထံ ထံမေးမြန်းစေလိုပါသည် ။ ကျနော်၏ တင်ပြချက် တစ်ခုတည်းကိုသာ အခိုင်အမာမယူစေလိုပါ ။ ဥပဒေ ၊ စည်းကမ်းဆိုသည်မှာ အချိန်မရွေးပြောင်းလဲမှုရှိနိုင်သောကြောင့်ဖြစ်ပါသည် ။
အခြေအနေအရ ကျနော်အနေဖြင့် ဥပဒေနှင့် စည်းကမ်းများကို အမြဲတစေ လေ့လာတင်ပြနိုင်ခြင်းမရှိပါသဖြင့် ၊ ဥပဒေအပြောင်းအလဲကြောင့် အခွင့်အရေးသစ်များရှိခဲ့သော် ကျနော့မိတ်ဆွေများ တစ်နာမှုမရှိစေလိုပါ ။

ကျေးဇူးတင်ပါသည် ။ကိုထွန်းထွန်းနှင့် မိတ်ဆွေများ အားလုံး အဆင်ပြေကြပါစေ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: