Friday 7 October 2011

ပြည်တော်ပြန် မြန်မာဝါရင့်လုပ်သားများ ကိုရီးယားတွင် ထပ်မံ အလုပ်လုပ်ခွင့်ပေးမည်

ရန်ကုန် ၊ အောက်တိုဘာ ၃

တောင်ကိုရီးယားနိုင်ငံတွင် Employment Permit System (EPS) စနစ်ဖြင့် လုပ်သက်ငါးနှစ်နီးပါး သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသော ဝါရင့်မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံ ဝင်ရောက်အလုပ်လုပ်ခွင့်ပေးရန် ညှိနှိုင်းလျက်ရှိကြောင်း တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Lim Kyung Sik က ပြောကြားသည်။

''EPS စနစ်အရ တောင်ကိုရီးယားမှာ သုံးနှစ်လုပ်နိုင်တယ်။ သုံးနှစ်ပြည့်ပြီးရင် တစ်နှစ်နဲ့ ဆယ်လထပ်ပြီးတော့ သက်တမ်းတိုးအလုပ်လုပ်ခွင့်ထပ်ပေးတယ်။ ဆိုတော့ စုစုပေါင်း ငါးနှစ်နီးပါး နေထိုင်အလုပ်လုပ်ခွင့်ရမယ်။ အဲဒါ ပြီးရင် သက်ဆိုင်ရာ မိခင်ဌာနေနိုင်ငံပြန်ရမယ်။ အဲလိုနှစ်ပြည့်ပြီးတော့ ပြန်သွားတဲ့ တရားဝင်နိုင်ငံခြားသားအလုပ်သမားတွေကို ကိုရီးယားပြန်ပြီး ဝင်ခွင့်၊ အလုပ်လုပ်ခွင့်ရနိုင်မယ့် နည်းလမ်းတစ်ခုကို ကိုရီးယားဘက်က ညှိနှိုင်းဆွေးနွေးနေတယ်'' ဟု Mr.Lim Kyung Sik က ဆိုသည်။

EPS စနစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ ၁၅ နိုင်ငံမှ လုပ်သားများကို ကိုရီးယားနိုင်ငံသို့ ခေါ်ယူလျက်ရှိကြောင်း၊ ကိုရီးယားနိုင်ငံသို့ လာရောက်သည့် အလုပ်သမားများအနေနှင့် တရားမဝင်အလုပ်ပြောင်းရွှေ့ခြင်း၊ နေထိုင်ခြင်းများ ခွင့်မပြုကြောင်း၊ ထိုသို့ပြုလုပ်ခဲ့လျှင် တရားမဝင်ပြုလုပ်သွားသော နိုင်ငံခြားသားအလုပ်သမားနှင့် ပတ်သက်သောသက်ဆိုင်ရာနိုင်ငံမှ ထပ်မံလာရောက်မည့် အလုပ်သမားကို ကိုရီးယားခေါ်ယူမှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် EPS စနစ်ဖြင့် ဗီယက်နမ်လုပ်သား ရှစ်သောင်းကျော်ကို နှစ်စဉ်စေလွှတ်လျက်ရှိပြီး တရားမဝင်နေထိုင်သူများပြားလှသည့်အတွက် ကိုရီးယားက ဗီယက်နမ်လုပ်သားများခေါ်ယူမှု ရပ်ဆိုင်းထားကြောင်းMr.Lim Kyung Sik က ရှင်းပြသည်။
ကိုရီးယားနိုင်ငံအနေနှင့်EPS စနစ်အရ နိုင်ငံခြားသားအလုပ်သမားခေါ်ယူရာတွင် အထွေထွေအလုပ်သမားများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး နည်းပညာရှင်များကို ခေါ်ယူရန် အစီအစဉ်မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (HRD) ထံမှ သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ အလုပ်သမားများ စေလွှတ်ရန် မြန်မာအစိုးရနှင့် ကိုရီးယားအစိုးရတို့ ၂ဝဝ၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး ယခုအခါ EPS စနစ်ဖြင့် တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိအလုပ်လုပ်နေသော မြန်မာအလုပ်သမားအရေအတွက် ၂၇ဝဝ နှင့် ၃ဝဝဝ ဦးကြားရှိနေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr.Lim Kyung Sik ၏ပြောကြားချက်အရ သိရှိရသည်။

ယခင်မူလ EPS စနစ်အရဆိုလျင် ၊ သက်တန်းပြည့်ပြီး ပြည်တော်ပြန်လာသူများ အနေဖြင့် ၆ လကျော်ပါက ၊ နောက်တစ်ကြိမ် ထပ်မံလျှောက်ထားခွင့်ရှိသည်ဟုဆိုသည် ။ ယခု ထပ်မံခွင့်ပြုမည်ဆိုသည်မှာ ၊ ကိုရီးယားဘာသာကျွမ်းကျင်မှုစာမေးပွဲထပ်မံဖြေဆိုရခြင်း၊ ကျန်းမာရေးစစ်ဆေးခံရခြင်း ၊ ၄င်းနောက် တန်းစီဇယားတွင် ထပ်မံစီတန်းရခြင်းများစသည်ဖြင့် လူသစ်များ လုပ်ဆောင်ရသည့် အစီအစဉ်များအတိုင်း ဆောင်ရွက်ရန်လိုမည်လား ၊ သို့မဟုတ် အလုပ်သမားတန်းစီဇယားတွင် အဆင်သင့် တန်းစီခွင့်ရမည်လား ဆိုသည်ကိုမူ မသိရှိရသေးပါ ။

မူရင်းသတင်း -
- The Voice (7/43)

Read More>>>