Showing posts with label အလုပ်နားလစာ. Show all posts
Showing posts with label အလုပ်နားလစာ. Show all posts

Saturday, 17 March 2012

အလုပ်ခွင်ထိခိုက်မှု လျော်ကြေးအာမခံ နှင့် အလုပ်နားထောက်ပံ့ကြေး ဘယ်လိုပတ်သက်သလဲ

Hanwinmaw ရဲ့ အီးမေးလ်
ကိုဝိုင်း ခင်ဗျာ

ကျွန်တော် က Busan, Gijang, Jeonggwan မှာရှိတဲ့ ဂျွန်ချော၇ီ လို့ခေါ်တဲ့ သံချောင်းတွေ ၊သံတွေကို သံချေးချွတ် ဆေးမှုတ်ပေးရတဲ့ စက်ရုံမှာလုပ်နေပါတယ်။ ကျွန်တော် ဒီစက်၇ုံကိုရောက်တာ မကြာသေးပါဘူး ၁၂ လပိုင်း ကုန်လောက်က ရောက်လာတာပါ ၁ လပိုင်း ၃၀ ရက်နေ့ က ပိုက်နဲ့ ခြေဖမိုးကို ရိုက်မိလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က ခြေမကိုသွားတဲ့ အရိုး အက်သွားတာဆိုပြီး ကျောက်ပတ်တီးစီးပေးပြီး ခု ၃လပိုင်း ၁၃ ရက် အင်္ဂါနေ့ က ပတ်တီးဖြေပေးပါတယ်၊ နားရက်က ၁လခွဲလောက်ကြာသွားပါတယ်။ ဆေးခန်းသွားပြတော့ ကျွန်တော်မှာအရင် စက်ရုံက လုပ်ပေးလိုက်တဲ့ samsung ကျန်းမာရေး အာမခံကဒ်နဲ့ ပြပါတယ်.. ကုမ္မဏီကပဲလိုက်ပို့ပေးပါတယ်..

ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ခံရမှုနဲ့ပတ်သက်ပြီး အလုပ်သမားဘက်က ခံစားခွင့်လေးသိချင်ပါတယ်၊ အခြားသူတွေပြောတော့ စက်ရုံမှာ ထိခိုက်ဒဏ်ရာရတဲ့အတွက် အခြေခံလစာရဲ့ ၇၀ % ရ မယ်လို့ပြောပါတယ်... ဒါပေမဲ့ မနေ့က လစာ ထုတ်ကျတော့ ကျွန်တော်မှာ တပြားမှမရပါဘူး.. သူငယ်ချင်းက ကုမ္မဏီကိုမေးတော့ samsung က ထည့်ပေးရမှာ သူတို့နဲ့မဆိုင်ဘူး လို့ပြောပါတယ်တဲ့.. ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ဒဏ်ရာရလာရင် ကုမ္မဏီကဘယ်လိုဆောင်ရွက်ပေးရတယ် samsung လို အာမခံတွေက ဘယ်လိုဆောင်ရွက်ပေးတာရယ် အဲလို အာမခံမထားတဲ့သူတွေဆိုရင် ဘယ်လို ဆိုတာလေး အကို့ အနေနဲ့ ကျွန်တော်ရော အားလုံးသော ရွှေညီအကို တွေ ပါသိသွားအောင် ကူညီပေးပါလို့ တောင်းခံအပ်ပါတယ်.....

လေးစားစွာဖြင့်

ဟန်ဝင်းမော်
ဟန်ဂုရွာ ပရိတ်သက်တဦး
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>

ဟန်ဝင်းမော် နှင့် ရွာသူရွာသားများအတွက် ကိုဝိုင်း (မိုးညှင်း) ကြိုးစားပြီး ဖြေကြည့်ပါမယ် ။

အဓိက အာမခံကြီး ၄မျိုး (4 Major Insurance)
ကိုရီးယားနိုင်ငံအတွင်း ရောက်ရှိ မှီတင်းနေထိုင်ကြတဲ့ လူများ ၊ လူလိုသူလို နေထိုင်ရနိုင်စေဖို့ ၊ ကိုရီးယားအစိုးရက အာမခံစနစ် အစီအစဉ်ဖြင့် အာမခံ(တာဝန်ခံ)ထားပါတယ် ။ လူတိုင်း အလိုအလျောက် အကျိုးခံစားခွင့်ရှိတဲ့ အဓိက အာမခံကြီး ၄မျိုး (4 Major Insurance) လို့ခေါ်ပါတယ် ။ အဲတာတွေကတော့ -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- အလုပ်အကိုင် အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) နှင့်
- အမျိုးသား အငြိမ်းစားလစာ (National Pension) တို့ဖြစ်ပါတယ် ။

သို့ပေမယ့် ၊ ခြွင်းချက်တွေရှိသတဲ့ဗျ ။ တော်တော်များများက ကျနော်တို့မြန်မာတွေအတွက် ခြွင်းချက် ။ အဲသည်မှာ အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) ဆိုတာကို တော့ ကျနော်တို့မြန်မာလုပ်သားတွေ( ဝလုံးများအပါအဝင်) ခံစားခွင့်ရှိပါတယ် ။ အာမခံထားသည်ဖြစ်စေမထားသည်ဖြစ်စေ ၊ ခံစားခွင့်ရတဲ့ အာမခံပါ ။ လုပ်ငန်းခွင်မှာ အလုပ်နှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုရင်ပေါ့ဗျာ ။

အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ က ရနိုင်သော အာမခံငွေများ
အဲသည် အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) စနစ်မှာ ခံစားခွင့်ပေးထားတာတွေကတော့ အမျိုးမျိုးပါပဲ ။ ဘာတွေတုန်းဆိုတော့ -
- ဆေးကုစရိတ်
- လူနာစောင့်စရိတ်
- အလုပ်(နား)ထောက်ပံ့စရိတ်
- ယာယီမသန်စွမ်းထောက်ပံ့ကြေး
- မိသားစုထောက်ပံ့စရိတ်
- ဈာပနစရိတ်
- မသန်စွမ်းအငြိမ်းစားလစာ ဆိုပြီး ၇ မျိုးရှိသတဲ့ ဗျ ။

အလုပ်နားထောက်ပံ့စရိတ် (휴업급여)
အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရပြီး ၊ ဆေးရုံတက် ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်ကျော် ပြီဆိုလျင် ၊ ၄ရက်မြောက်မှစပြီး ဆေးဝါးကုသမှုခံယူနေစဉ် ကာလတစ်လျှောက်လုံး အဲသည် အလုပ်နားထောက်ပံ့ကြေး (အလုပ်နားလစာ) ခံစားခွင့်ရှိသတဲ့ ။ ဆေးရုံတက်ကာလမှာသာ မဟုတ်ဘဲ ၊ အိမ်မှာ ဖြစ်ဖြစ် တစ်နေရာရာမှာဖြစ်ဖြစ် အမှန်တကယ် အလုပ်မလုပ်နိုင်သေးလို့ (နားနေ) ဆေးကုနေရတဲ့ ကာလတစ်လျှောက်လုံး ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ် ။

ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်မကျော်လျင်တော့ အလုပ်နားထောက်ပံ့ကြေးကို အာမခံစနစ်အရ ခံစားခွင့်ပေးမထားပါဘူး ။ သို့သော် စံပြု အလုပ်သမား ဥပဒေ (The Standard Labor Law) အရ တော့ ထောက်ပံ့ကြေး ခံစားခွင့်ပေးထားပါတယ် ။ အလုပ်ရှင်က ပေးရတာပါ ။ 60% ။

အလုပ်နားထောက်ပံ့ကြေး ဘယ်လောက်ရမလဲ
အလုပ်နားထောက်ပံ့ကြေးအဖြစ် ပျမ်းမျှလစာရဲ့ ၇၀ (ခုနစ်ဆယ်) ရာခိုင်နှုန်း ခံစားခွင့်ရှိသတဲ့ ။ အချို့ စက်ရုံတွေက လူလိုသူလို သိတတ်တဲ့ သူဌေးတွေကတော့ နားလည်မှုနှင့် အလုပ်နားထောက်ပံ့ကြေး (လစာ) ကို ပုံမှန်လစာပေးရက်မှာ ကြိုပြီး ထုတ်ပေးထားလေ့ရှိ (လျှောက်ထားငွေထွက်လာချိန် ပြန်လည် ခုနှိမ်ယူ) ပေမယ့် ၊ အတော်များများကတော့ ညီလေး ဟန်ဝင်းမော် လိုမျိုး အာမခံ ကုမ္ပဏီ (ကော်ပိုရေးရှင်း) ဆီက လစာထွက်မှ ပေးတတ်ပါတယ် ။

အလုပ်နားထောက်ပံ့ကြေး(လစာ) ဘယ်လိုလျှောက်မလဲ
အလုပ်နားထောက်ပံ့ကြေးကို ၊ အလုပ်သမား သက်သာချောင်ချိရေးကော်ပိုရေးရှင်း (근로복지공단) ထံမှာ တစ်လတစ်ကြိမ် တောင်းခံလျှောက်ထားယူရတာဖြစ်ပါတယ် ။ ပထမဆုံးအကြိမ်လျှောက်ထားစဉ်မှာတော့ အလုပ်ရှင်ရဲ့ ထောက်ခံချက် လိုအပ်ပြီး နောက်အကြိမ်တွေမှာ တော့ မလိုတော့ပါဘူး ။ စွမ်းနိုင်သူများ ကိုယ်တိုင်လျှောက်ထားနိုင်သလို ၊ မစွမ်းနိုင်သူများကတော့ ကိုယ်စားလှယ်များ (စက်ရုံစာရေး) နှင့် လျှောက်ယူကြရမှာဖြစ်ပါတယ် ။

ပျမ်းမျှလစာတွက်တွက်ချက်မှု အရေးကြီးတာမို့ ၊ လျှောက်လွှာမှာ လက်မှတ်ထိုးခိုင်းတဲ့ အခါ မိမိရဲ့ ပျမ်းမျှလစာမှန်မမှန် စစ်ကြည့်ဖို့လိုပါမယ် ။

ထောက်ပံ့ကြေးခံစားနေစဉ်ကာလ အလုပ်ဖော်များ လစာ(၅ရာခိုင်နှုန်းအထက်) တိုးလျင် မိမိလည်း လစာတိုးတက်ခံစားခွင့်ရှိတယ်လို့ဆိုပါကြောင်းပါခင်ဗျာ ။

လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် ၊ မတ်လ ၁၇ ရက်

ကြော်ငြာ -
ဓမ္မဒူတယဉ်ကျေးမှုအသင်းက၊အာမခံအကြောင်းသိကောင်းစရာများ(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ရန်၊သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆဲဖြစ်ပါသည်။မကြာမှီပြုလုပ်ပါမည်။ထိုအချိန်၊ဆွေးနွေးပွဲတက်ရောက်ပြီး၊မိတ်ဆွေတို့သိလိုသည်များကို အသေးစိတ်မေးမြန်းတော်မူကြပါ ။

Read More>>>