Sunday 29 January 2012

EPS လုပ်သားများ အီး-၇ ဗီဇာ ဘယ်လိုလျှောက်ထားရမလဲ

(E-7 : Special Designated Activities VISA)
ကိုရီးယားနိုင်ငံအစိုးရသည် အီး-၇ ဗီဇာကို အထူးအလုပ်လုပ်ခွင့်ဗီဇာ (Special Designated Activities VISA) အဖြစ်သတ်မှတ်ပြဋ္ဌာန်းထားပါသည် ။ ယခုအခါ အီး-၉ ဗီဇာသမားများကိုပါ ဤ ဗီဇာသို့ ပေါင်းကူးလျှောက်ထားခွင့်ပြုလိုက်ခြင်းဖြစ်ပါသည် ။ သို့ဖြစ်ရာ အီး-၉ ဗီဇာဖြင့် ကိုရီးယားတွင် ၄ နှစ် အလုပ်လုပ်ပြီးသောသူများကို ၊ ကိုရီးယားတွင် အလုပ်ရှင်နှင့် အလုပ်စာချုပ် (Labor Contract) ချုပ်ဆိုပြီး ၊ စာချုပ်သက်တမ်းရှိသလောက် သက်တမ်း တိုးယူရရှိနိုင်သော ဗီဇာ အမျိုးအစားဖြစ်လာပါသည် ။

အီး-၉ လုပ်သားများ ဤ ဗီဇာသို့ ပေါင်းကူးလျှောက်ထားရန် ပြဋ္ဌာန်းချက်များမှာ -
- (လျှောက်လွှာတင်ချိန်တွင်) အသက် ၃၅ နှစ်အောက် ဖြစ်ရမည် ။
- အနည်းဆုံး ၂နှစ်သင်ကောလိပ် (တက္ကသိုလ်) ဘွဲ့ရ ဖြစ်ရမည် ။
- ကိုရီးယားစကား ကျွမ်းကျင်မှု အဆင့် ၃ (TOPIK Level-3) အထက် သို့မဟုတ် ကိုရီးယား ယဉ်ကျေးမှုသင်တန်း (Completion of Social Integration Program : KIIP) (သင်ရိုးကုန်) တက်ရောက်ပြီးသူ ။
- ၄ နှစ်အတွင်း ရရှိသည့် (ပျမ်းမျှ) လစာမှာ လစာ ဝမ်သိန်း၂၀ (အလုပ်သမား၁ဦး၏ နှစ်စဉ်ပျှမ်းမျှလစာကို သက်ဆိုင်ရာက နှစ်စဉ်တွက်ချက်ကြေညာပါသည်) အထက် ။
- အလုပ်သမား ၁၀ ဦးအထက် ရှိသော အလုပ်ရုံ ဖြစ်ရပါမည် ။ လျှောက်ထားသူတိုင်း ဗီဇာရရှိနိုင်မည်မဟုတ်ပါ ။ ကုမ္ပဏီရှိ အလုပ်သမားဦးရေအချိုးအဆအလိုက် ဗီဇာရရှိနိုင်သော အရေအတွက်ကို ကန့်သတ်ထားပါသည် ။ ဥပမာအားဖြင့် - ဝန်ထမ်း ၁၀ ဦး မှ ၄၅ ဦး (ကိုရီးယားသားများအပါအဝင်) ထိ ရှိလျင် ၁ ယောက် နှုန်း ။
ဘယ်လိုလျှောက်ထားရမည်လဲ ။
- ကာယကံရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် ဖြင့် လျှောက်ထားရပါမည် ။
မည်သည့်နေရာတွင် လျှောက်ထားရမည်လဲ ။
- ကိုရီးယားပြည်ပရှိ ပုဂ္ဂိုလ်များ သက်ဆိုင်ရာ နိုင်ငံရှိ ကိုရီးယားနိုင်ငံသံရုံး
- (သို့မဟုတ်)
- ကိုရီးယားပြည်တွင်းရှိ ပုဂ္ဂိုလ်များ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံး
ဘယ်လိုစာရွက်စာတမ်းတွေလိုမလဲ ။
- နိုင်ငံကူးလက်မှတ် (ပတ်စပို့)
- ဘွဲ့လက်မှတ် သို့မဟုတ် ပညာရေးဆိုင်ရာ ထောက်ခံချက် မိတ္တူ
- အလုပ်ခန့်စာ သို့မဟုတ် အလုပ်ခေါ်စာ
- အလုပ်စာချုပ်
- ကုမ္ပဏီမှတ်ပုံတင် သို့မဟုတ် အဖွဲ့အစည်း ထူထောင်ခြင်းနှင့် ပတ်သက်သည့် သက်သေခံလက်မှတ်
- ဗီဇာကြေး ( ၁ကြိမ်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၃၀ ၊ အကြိမ်ကြိမ်ဝင်ခွင့်ဗီဇာ ဒေါ်လာ ၅၀ )
- ၆ လအတွင်းရိုက်ကူးထားသည့် ပတ်စပို့ဓါတ်ပုံ (ကာလာ) ၂ ပုံ (3.5㎝ x 4.5㎝)
အခက်အခဲရှိသူများ Tel:1345 သို့ မြေးမြန်းနိုင်သည်ဟု ဆိုပါသည် ။
(ယခင် အီးပီ အစရှိသည့် အလုပ်သမား လူရည်ချွန်များကို ကိုရီးယားတွင် အထူးနေထိုင်ခွင့်ပေးမည်ဆောင်းပါး (Click Here) နှင့် တွဲစပ်ဖတ်ရှုကြစေလိုပါသည်။)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

No comments: