Sunday 23 January 2011

နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်နေသူများ ပြည်ပြန်ဝင်ခွင့်ဗီဇာ မလိုဘဲ လွတ်လပ်စွာဝင်ထွက်ခွင့်ရှိဟုဆို

ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ကျော်ကြာနေထိုင်ပြီး နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်ထားသူ နေထိုင်ခွင့်(Stay) ကျန်ရှိနေသေးသည့် နိုင်ငံခြားသားများသည် နေထိုင်ခွင့်ရှိနေစဉ်အတွင်း ပြည်ပြန်ဝင်ခွင့်ဗီဇာ(Re-entry Visa) မယူဘဲ ကိုရီးယားနိုင်ငံအတွင်းသို့ လွတ်လပ်စွာ ပြည်ပြန်ဝင်ခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကြီး တစ်ဦးက ပြောသည် ။

အဆိုပါ ဥပဒေမှာ ဥပဒေပြင်ဆင် ထုတ်ပြန်ထားချက် အသစ် ဖြစ်သဖြင့် သိရှိသူနည်းပါးနေသေးကြောင်း ၊ အချို့ အီးပီအက်စ် လုပ်သားများ စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရကြောင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် လေကြောင်းလိုင်းများသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်သဖြင့် ထိုသို့စိုးရိမ်စရာမလို ကြောင်း ၊ စိုးရိမ်မှုရှိသူများအဖို့ ပြည်ဝင်ခွင့်ဗီဇာကို သီးသန့်လျှောက်ထားရယူလိုသည်ဆိုလျင်လည်း လျှောက်ထားရယူနိုင်ပါကြောင်း ၊ ထို့ပြင် မိမိတို့ လုပ်ငန်းရှင်များထံမှ ပြည်ပြန်ဝင်ခွင့် သဘောတူညီချက် (재입국 동의서 )ကိုပါ ရယူသွားနိုင်ကြောင်း ၄င်းအရာရှိကြီးကပင် အကြံပြုပါသည် ။
အဆိုပါ သတင်းနှင့် ပတ်သက်၍ဖြစ်စေ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပတ်သက်သော အခြားသိလိုသည့် အကြောင်းအရာ များရှိလျင်ဖြစ်စေ ဖုန်းနံပါတ် 1346 သို့ဆက်သွယ်နိုင်ကြောင်း မြန်မာဘာသာဖြင့် ပြောဆိုလိုသူများအနေဖြင့် လိုင်းခွဲ (extension) 15 သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည် ။ ထို့ပြင် အင်တာနက်စာမျက်နှာ www.hikotra.go.kr နှင့် www.immigration.go.kr တို့တွင်လည်း ဝင်ရောက် ကြည့်ရှု ဆက်သွယ်နိုင်ကြောင်း ၊ အဆိုပါ လူဝင်မှု ကြီးကြပ်ရေး အရာရှိကြီးက ကိုရီးယား အလုပ်သမားငှားရပ်းခွင့်စနစ် အလုပ်သမားလောင်းများအတွက် နာရီ၂၀ ကြာ အလုပ်ခွင် အကြိုသင်တန်း အစီအစဉ် တွင် ထိုသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည် ။

Read More>>>

Thursday 13 January 2011

အပြန်စရိတ်အာမခံအပ်နှံငွေ တောင်းခံနည်း

ခုတလော ကျနော်တို့ကိုရက်ပ်စ်-မြန်မာလုပ်သားတွေ အိမ်ပြန်အာမခံငွေ ထုတ်ဖို့ တစ်နိုင်ငံလုံး လိုက်မေးပြီး အလုပ်ရှုပ်နေကြတဲ့သူတွေရှိသလို ၊ တစ်ချို့ကျပြန်တော့ အာမခံကြေး မရတော့ဘူးထင်ပြီး ၊ မတောင်းပဲပြန်သွားကြတဲ့သူတွေလည်းရှိ ၊ ဟော တစ်ချို့တော့လည်း ဟိုဟာလုပ်မပေးရင် အိမ်ပြန်စရိတ် အာမခံငွေ မပေးတော့ဘူးဆိုပြီး အကြပ်ကိုင် ခြိမ်းခြောက်ခံနေကြရသူတွေလည်း ရှိနေပြန်ပါတယ် ။ (ဟိုဟာလုပ်ခိုင်းနေတဲ့ကိစ္စကိုတော့ သပ်သပ်ရေးပါဦးမယ်။)
ဒီတော့ ကျနော်တို့ ကိုကိုရွှေမြန်မာများ အိမ်ပြန်စရိတ်အာမခံကြေးထုတ်ယူဖို့ကိစ္စ ၊ ဘယ်သူ့ကိုမှ ဒုက္ခပေးမနေတော့ဘဲ ၊ ကိုယ့်အားကိုယ်ကိုးစံနစ်နဲ့လုပ်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ်ဗျား။
*****
- ကိုရက်ပ်စ်နှင့်အဓိက အာမခံ ၄မျိုး (4 Major Insurance)ကိုရက်ပ်စ် အလုပ်သမားတစ်ဦးဟာ အောက်ဖော်ပြပါ အာမခံစနစ်များကို အလို အလျောက် ခံစားခွင့် ရရှိကြပါတယ် -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- လုပ်ငန်း အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) ။
- အမျိုးသား အငြိမ်းစားလစာ (National Pension) ။ (နီပေါ ၊ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ပါကစ္စတန် ၊ တူရကီ ၊ ယူကရိန်း နှင့် ရုရှား နိုင်ငံသားများ မပါ )
*****
- ကိုရက်ပ်စ်-လုပ်သားများ အာမခံ နှင့် အပေါင်ငွေ (Insurance & Trust) ၄မျိုးအောက်ဖော်ပြပါ အာမခံနှင့်အပေါင်ငွေ၎မျိုးကိုတော့ မထားမနေ ထားကြရပါတယ် ။ မထားလျင် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပါတယ် ။ အာမခံကြေး ၂ မျိုးကို အလုပ်သမား ကိုယ်တိုင်က ပေးသွင်းကြရပြီး ၊ ၂ မျိုးကိုတော့ အလုပ်ရှင်က ပေးသွင်းကြရမှာပါ ။
- အရေးပေါ်အာမခံ (Casualty Insurance) ။
- အပြန်စရိတ်အာမခံ အပ်နှံငွေ (Return Cost Insurance Trust) ။ စာချုပ်အတည်ဖြစ်ပြီး ရက်ပေါင်း ၈ဝ အတွင်း ထားရှိရမှာ ဖြစ်ပါတယ် ။ ကိုရီးယားမှ ပြန်လည်ထွက်ခွါရမည့်အချိန်တွင် အပြန် စရိတ် လွယ်ကူ ဖူလုံမှုရှိစေရန် စုဆောင်းထားရှိရသည့် အာမခံ (အပေါင်ငွေ) ဖြစ်ပါတယ် ။ အဆိုပါအာမခံ မထားလျင် ဒဏ်ငွေမှာ ဝမ် ၈ သိန်း ဖြစ်ပါတယ် ။ အာမခံငွေကို သက်ဆိုင်ရာ အလုပ်သမားက ပေးသွင်း ရမှာ ဖြစ်ပါတယ် ။ (귀국비용보험)
- ပြည်ထွက် အာမခံ (Departure Guarantee Insurance) ။ အလုပ်သမား ၅ ဦးနှင့်အထက် ရှိသော အလုပ်ရုံ စက်ရုံများအတွက် အလုပ်ရှင်က ထားရှိရသည့် အာမခံ ဖြစ်ပါတယ် ။ လစဉ်ဖျမ်းမျှလစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ် ။ အဆိုပါ အာမခံမထားလျင် ဝမ် သန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ အဆိုပါ အလုပ်ရုံမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ပြီး အလုပ်သမား တစ်ဦးဦး (နိုင်ငံခြားသား လုပ်သားများအပါအဝင်) ဟာ အဆိုပါ အလုပ်ရုံမှ အနားယူ သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ၁ လစာ ( အကြမ်းဖျင်း) ကို လုပ်သက်ဆုကြေး (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ အလုပ်ရှင်မှ မပေးလျင် အာမခံ ကုမ္ပဏီသို့ တောင်းခံလျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ် ။ ၁-နှစ်မပြည့်ဘဲ အလုပ်ရုံမှ ထွက်လျင် (ပြေးလျင်) သို့မဟုတ်ပြောင်းလျင် အာမခံထားပေးသူ(အလုပ်ရှင်)က ပြန်လည်ထုတ်ယူနိုင်သော အာမခံငွေ ဖြစ်ပါတယ် ။(출국만기보험)
- လုပ်အားခ အာမခံ (Wage Guaranty Insurance) ။
*****
တောင်းခံကြရမည့်နေရာ-Samsung Fire & Marine Insurance
Samsung Insurance Building
87, Euljiro 1 Ga,
Choong Gu, Seoul
Korea 100-191
Tel: 02-2119-2400
Fax: 0505-161-1421
သို့မဟုတ်
Korean Human Resources Development Service Center
370-4, Gongdeok Dong,
Map’o Gu, Seoul
Tel: 02-3271-9436~37
Fax: 02-3771-9348
*****
လိုအပ်သည့်စာရွက်စာတမ်းများ- နိုင်ငံခြားသားမှတ်ပုံတင်ကပ်ပြား သို့မဟုတ် နိုင်ငံကူးလက်မှတ် မိတ္တူ
- အလုပ်သမားနာမည်ဖြင့်ဖွင့်လှစ်ထားသော ဘဏ်စာအုပ်မိတ္တူ
- ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာ(출국예정사실확인서)
*****
တောင်းခံရမည့်အချိန်- ကိုရီးယားနိုင်ငံမှ အပြီးအပိုင်ထွက်ခွါရန် ပြင်ဆင်ပြီးချိန် ။
*****
တောင်းခံရန်နည်းလမ်း- 고용지원센터 ခေါ် (အလုပ်သမားဝန်ကြီးဌာန) အလုပ်အကိုင်ထောက်ပံ့ရေးဌာနသို့ ၊ မိမိကိုရီးယားမှ ထွက်ခွါမည့်အချိန်ကို လေယာဉ် သို့မဟုတ် သင်္ဘောလက်မှတ်နှင့်တကွ သတင်းပို့ရပါမည် ။
- ၄င်း အလုပ်အကိုင်ထောက်ပံ့ရေးဌာနမှ ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာကို ထုတ်ပေးပါမည် ။ ၄င်း ထောက်ခံစာကို အာမခံငွေတောင်းခံလွှာ (ဒီမှာနှိပ်ကြည့်) ၊ အခြား လိုအပ်သော စာရွက် စာတမ်းများ နှင့်အတူ ဆမ်ဆောင်းမီးနှင့်ရေကြောင်းအာမခံဌာနသို့ ဖြစ်စေ ၊ ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနသို့ဖြစ်စေ ဖက်စ်ဖြင့် သို့မဟုတ် လူကိုယ်တိုင်သွား၍ ပေးပို့ရပါမည် ။
သင် ကိုရီးယားမှ မထွက်ခွါမှီ သင့်ဘဏ်စာရင်းထဲသို့ လျှောက်ထားငွေများ ရောက်လာပါလိမ့်မည် ။
(ဆမ်ဆောင်းအာမခံသို့ တိုက်ရိုက်လျှောက်ထားခြင်းက ပို၍ အဆင်ပြေစေမည်ဟုယူဆပါသည်။)
အားလုံးအဆင်ပြေကြစေကြောင်း ဆုမွန်များတောင်းလိုက်ပါတယ် ။




လေးစားလျက်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Monday 10 January 2011

၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ထွက်ပြီ

သြဂုတ်လ ရက်နေ ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက အတည်ပြုကြေညာချက်အရ ၂၀၁၁ခုနှစ်အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၄၃၂၀ ဖြစ်ပြီး ယခုနှစ် သတ်မှတ်ချက် ဝမ် ၄၁၁၀ ထက် ၅ဒဿမ ရာခိုင်နှုန်း တိုးမြှင့်လိုက်ကြောင်း သိရသည်
ရက်သတ္တတစ်ပတ်လျင် နာရီ ၄၀ (တစ်လ၂၀၉နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် သိန်း ၂ထောင် ၈၈၀ ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျင် ၄၄ နာရီ (တစ်လ၂၂၆ နာရီ) လုပ်ရသော အလုပ်ရုံ စက်ရုံများအတွက် အနည်းဆုံးလုပ်ခလစာမှာ ဝမ် သိန်း ၇သောင်း ၆ထောင် ၉၂၀ ဖြစ်မည်ဟုဆိုသည်
ကိုရီးယားအလုပ်သမားဝန်ကြီးဌာနသည် အနည်းဆုံးလုပ်ခသတ်မှတ်ချက်ကို နှစ်စဉ် ပြန်လည် သုံးသပ် သတ်မှတ်ပြဋ္ဌာန်းပေးလျက်ရှိရာ၂၀၀၁ခုနှစ်က အနည်းဆုံးလုပ်ခသတ်မှတ်ချက်မှာ တစ်နာရီ ဝမ် ၂၁၀၀ ဖြစ်ကြောင်းသိရသည် ယခု၂၀၁၁ ခုနှစ် အတွက် အနည်းဆုံးလုပ်ခသတ်မှတ်ချက်သည် ၂၀၁၁ခုနှစ် န္နဝါရီ ရက်နေ့မှစ၍ အသက်ဝင်မည်ဟုဆိုသည်
အနည်းဆုံးလုပ်ခသတ်မှတ်ချက်အောက် လျှော့နည်းသေ လုပ်ခလစာများဖြင့်ျုပ်ဆိုထားသော အလုပ်စာချုပ်များ (Standard Labor Contract) သည် အလိုအလျောက်ျက်ပျယ်ပြီး အလုပ်ရှင်သည် အလုပ်သမားအား အနည်းဆုံးလုပ်ခ သတ်မှတ်ချက် လစာ (Minimum Wages) အောက် မလျှော့သော လုပ်ခဖြင့် သဘောတူချုပ်ဆိုထားသည့် အလုပ်စာချုပ်များအဖြစ် တ်ယူရမည်ဟု အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ဥပဒေ (The Minimum Wages Law) ပုဒ်မ က ဆိုပါသည်

Read More>>>

အမျိုးသား အငြိမ်းစားလစာငွေများ လျှောက်ထား တောင်းခံ နိုင်ကြောင်း သတင်းကောင်း

အာမခံ နှင့် အပ်နှံငွေ (Insurance & Trust) ၄မျိုး
ကိုရီးယားနိုင်ငံ အလုပ်သမားငှားရမ်းသုံးစွဲခွင့်စနစ်(Korean Employment Permit System: KorEPS) အရ ၊ ကိုရီးယားနိုင်ငံသို့ရောက်ရှိလာကြတဲ့ အလုပ်သမားများဟာ အာမခံနှင့် အပေါင်ငွေ ၄ မျိုးကို မထားမနေ ထားကြရပါတယ် ။ အာမခံကြေး ၂ မျိုးကို အလုပ်သမား ကိုယ်တိုင်က ပေးသွင်းကြရပြီး ၊ ၂ မျိုးကိုတော့ အလုပ်ရှင်က ပေးသွင်းကြရတာပါ ။
အလုပ်သမားက ပေးသွင်း/အပ်နှံထားရှိရမယ့်အာမခံ ၂ မျိုးကတော့ -
- အရေးပေါ်အသုံးစရိတ် အာမခံ (Casualty Insurance) နှင့်
- အပြန်စရိတ်အာမခံ အပ်နှံငွေ (Return Cost Insurance Trust) တို့ဖြစ်ပြီး ၊
အလုပ်ရှင်က ပေးသွင်းထားရှိပေးရမယ့်အာမခံ ၂ မျိုးကတော့ -
- လုပ်သက်ဆုကြေး အာမခံ (Departure Guarantee Insurance) နှင့်
- လုပ်အားခ အာမခံ (Wage Guaranty Insurance) တို့ဖြစ်ပါတယ် ။
အဓိက အာမခံ ၄မျိုး (4 Major Insurance)
နောက်ပြီး ကိုရက်ပ်စ်လုပ်သားများ အလိုအလျောက် အကျိုးခံစားခွင့်ရှိတဲ့ အဓိက အာမခံ ၄မျိုး (4 Major Insurance) ရှိပါသေးတယ် ။ အဲတာတွေကတော့ -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- အလုပ်အကိုင် အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) နှင့်
- အမျိုးသား အငြိမ်းစားလစာ (National Pension) တို့ဖြစ်ပါတယ် ။
ပြောစရာရှိလာတဲ့ အမျိုးသား အငြိမ်းစားလစာ (National Pension)
အမျိုးသား အငြိမ်းစားလစာ (National Pension) အကြောင်း ပြောစရာရှိလာလို့ ဒီဆောင်းပါးကို ထပ်ပြီး ရေးရတာပါ ။ အမျိုးသားအငြိမ်းစားလစာကို နီပေါ ၊ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ပါကစ္စတန် ၊ တူရကီ ၊ ယူကရိန်း နှင့် ရုရှား နိုင်ငံသားများ ခံစားခွင့်မရှိဘူးလို့ ဥပဒေက ခြွင်းချက် ဆိုထားပါတယ် ။ ဒါပေမယ့် အချို့သော လုပ်ငန်းရှင်များဟာ အဲသည် ပြဋ္ဌာန်းချက်ကို ရှင်းရှင်းလင်းမသိကြဘူး ။ ဒီတော့ ခံစားခွင့်မရှိပါဘူး အကျုံးမဝင်ပါဘူး ဆိုတဲ့ မြန်မာ အပါအဝင် ခြွင်းချက်ထဲ အကျုံးဝင်တဲ့ နိုင်ငံသားတွေလည်း အမျိုးသား အငြိမ်းစားလစာ အာမခံစနစ်အတွက် လစဉ် အဖြတ်ခံခဲ့ရသူတွေ ရှိတယ်လို့ဆိုတယ် ။ ကိုရီးယားလို 국민연금 /gungmin-yeonkkeum/ ဆိုတဲ့ ခေါင်းစဉ်နှင့် အဖြတ်ခံခဲ့ရတာပါ ။
မြန်မာတွေလည်း အငြိမ်းစားလစာ ခံစားခွင့်ရသတဲ့
အဲသည်တော့ အခုအခါမှာ အဲသည် မတရားအဖြတ်ခံခဲ့ရတဲ့ အလုပ်သမားများ ဖက်က ရပ်တည်ပြီး ကိုရီးယားအစိုးရထံ တင်ပြပေးတဲ့ သူတွေရှိလာလို့ ၊ အမျိုးသားအငြိမ်းစားလစာ ခံစားခွင့်မရှိသော သူများ ခြွင်းချက် စာရင်းတွင်ပါဝင်သော်လည်း ၊ အမျိုးသားအငြိမ်းစားလစာ အာမခံငွေဖြတ်တောက်ခံခဲ့ရတဲ့ သူများကို ကိုရီးယားအစိုးရက အမျိုးသားအငြိမ်းစား လစာငွေ (National Pension) ထုတ်ယူခံစားခွင့် ပြုလိုက်တယ်လို့ ဆိုပါတယ် ။ ဒီတော့ ကျနော်တို့ မြန်မာ အီးပီအလုပ်သမားများ အနက် အမျိုးသားအငြိမ်းစားလစာအာမံငွေ ဖြတ်တောက်ခံခဲ့ရသူများ (မြန်မာပြည်သို့ ပြန်ရောက်သွားပြီး သူများအပါအဝင်) အမျိုးသား အငြိမ်းစားလစာငွေ ကို ပြန်လည် လျှောက်ထား တောင်းခံရယူနိုင်ကြကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ။
ဒီလို လျှောက်ထားကြရအောင်
မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသွားသူများ မြန်မာပြည်ရှိ ကိုရီးယားနိုင်ငံသံရုံးမှတစ်ဆင့် လျှောက်ထားတောင်းခံနိုင်ကြသလို ၊ မြန်မာပြည်ပြန်ရန်ပြင်ဆင်ပြီးသူများ (မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသွားသူများအပါအဝင်) အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံမှတစ်ဆင့်လည်း လျှောက်ထားတောင်းခံနိုင်ကြကြောင်း သိရပါတယ် -
- 1644-0644 လိုင်းခွဲ 13
(1644-0644 ကိုခေါ်ပြီး ၊ ကိုရီးယားမ အသံကိုစောင့်ပါ ။ သူဘာပြောပြော 13 ကိုသာ နှိပ်လိုက်ပါ ။)
မိမိတို့ရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကတ် (Alien Registration Card) အမှတ်နှင့် အမျိုးသားအငြိမ်းစားလစာ ဖြတ်တောက်ခံခဲ့ရကြောင်း အထောက်အထားများ ပြနိုင်ဖို့တော့ လိုမယ်လို့ဆိုပါတယ် ။ မြန်မာပြည်သို့ ပြန်ရောက်ပြီး ၅ နှစ်အတွင်းတောင်းခံရမယ်လို့ဆိုထားပါတယ် ။ (လုပ်သက်ဆုကြေးလို သွင်းထားသလောက်ပဲ ပြန်ရတဲ့ အပ်နှံငွေအမျိုးအစား အာမခံမျိုးမဟုတ်ဘူးတဲ့နော် ။ အချို့ဆို သိန်း ၇၀ ကျော်ရတဲ့သူတွေတောင် ရှိသတဲ့ ။) အခက်အခဲရှိသူ များ အောက်ဖော်ပြပါ အီးမေးလ်သို့လည်း ဆက်သွယ် မေးမြန်း အကူအညီ ရယူနိုင်ကြောင်း သိရပါတယ် -
iju.oppa@gmail.com

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Saturday 8 January 2011

လုပ်သက်ဆုကြေး ဘယ်လိုတွက်သလဲ

ကိုဝိုင်းကြီး ထွဲဂျစ်ကွမ့် ဘယ်လိုတွက်သလဲဗျ
သမ္မတ နိုမုဟျောန်း လက်ထက်မှာတော့ အင်န်ဂျီအိုတွေ ငွေ ရွှင်ခဲ့လို့ ၊ ရွှေ့ပြောင်းအလုပ်သမားများ သိမှတ်စရာ အဖြာဖြာတို့ကို နည်းလမ်းပေါင်းစုံနှင့် အခမဲ့ ဖြန့်ဝေခဲ့ကြပါတယ် ။ အဲသည်ခေတ်မှီလိုက်သူ တော်တော်များများ ကတော့ ရွှေ့ပြောင်းအလုပ်သမားတို့ သိအပ်ဖွယ်ရာများ တော်တော်လေး သိခွင့်ရခဲ့ကြပါတယ် ။ သို့သော်လည်း ပဲ အကြောင်းအမျိုးမျိုးကြောင့် သိမှတ်စရာများ သိဖို့ မှတ်ဖို့ ကျန်ခဲ့သူတွေရှိနေတာကိုလည်း တွေ့ရပါတယ် ။ ကိုရီးယားရောက်တာ ဆယ်စုနှစ် ၂ ခုနည်းပါးရှိနေပြီဖြစ်တဲ့ မိတ်ဆွေရင်း ၁ ယောက်က မနေ့တစ်နေ့က အမေးတစ်ခုရှိလာပါတယ် ။ “ကိုဝိုင်းကြီး ထွဲဂျစ်ကွမ့် (လုပ်သက်ဆုကြေး) ဘယ်လိုတွက်သလဲဗျ” တဲ့ ။ သိသလောက်မှတ်သလောက်ရှင်းပြရပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် မသိဘဲ ကျန်ခဲ့သူ ကိုရီးယားရောက် မြန်မာ မိတ်ဆွေများအတွက် ကိုယ့်လုပ်သက်ဆုကြေး ကိုယ့်ဟာကိုယ်တွက်ကြည့်တတ်စေဖို့ လုပ်သက်ဆုကြေး တွက်နည်း တင်ပြလိုက်ပါတယ်ခင်ဗျာ ။

လုပ်သက်ဆုကြေးရထိုက်သူ
- အလုပ်သမား(သူဌေးမပါ) အနည်းဆုံး ၅ ယောက်ရှိတဲ့ အလုပ်ရုံ / စက်ရုံ ဖြစ်ရပါမယ် ။
- အဲသည် စက်ရုံမှာ အလုပ်ဝင်တာ အနည်းဆုံး ၁ နှစ်ပြည့်ရပါမယ် ။ (နေ့တစ်ပိုင်းလိုရင်လည်းမရပါ)
ရထိုက်သော လုပ်သက်ဆုကြေး
နောက်ဆုံးထုတ်လစာ ၃ လစာရဲ့ ပျမ်းမျှလစာ နှုန်းဖြင့် လုပ်သက်ရှိသလောက် ။ (ပျမ်းမျှ ၁နှစ်ကို ၁လစာလို့ မှတ်ရင်ရပါတယ် ။ ၁နှစ်မပြည့်ရင် လုပ်သက်ရက်ပေါင်းကို ၃၆၅ နှင့်စားပြီး ထွက်လာတဲ့အဖြေကို ယူပါသတဲ့ ) ဟန်းဂုရွာမှာ အထွေထွေအလုပ်သမားအဖြစ် 12-10-2009 နေ့မှ 11-10-2010 နေ့အထိ အလုပ်လုပ်သွားတဲ့ အလုပ်သမားတစ်ယောက်ရဲ့ လုပ်သက်ဆုကြေးကို နမူနာအဖြစ် တွက်ပြထားပါတယ် ။ (ရွာသူကြီးမင်းရဲ့ ကိုယ်ရေးအတွင်းရေးမှူးမလေးဆီက မိတ္တူတစ်စုံ တောင်းယူပြီး တင်ပြလိုက်တာပါ ။ သူကြီးမင်းမသိစေနှင့်လို့ တော့ မှာခဲ့ပါတယ် ။ )
ပျမ်းမျှလစာ ဘယ်လိုတွက်မလဲ
အဲသည် အလုပ်သမား အလုပ်ထွက်သွားတဲ့ 11-10-2010 ရက်မှ နောက်ဆုံး ၃ လ (12-7-2010 မှ 11-10-2010 အထိ) အတွက် လုပ်ခကို အရင်တွက်ယူပါတယ် ။ အဲသည်ကာလမှာ ရခဲ့တဲ့ မူရင်းလစာ ၊ အချိန်ပိုလစာ ၊ ဘောနပ်စ် ၊ ထမင်းစရိတ် အစရှိသဖြင့် ရခဲ့တာတွေ အားလုံးထည့်တွက်ရသတဲ့ဗျ ။ တွက်လိုက်တော့ သည်လို ထွက်လာပါတယ် -

ပျမ်းမျှလစာ နှင့် လုပ်သက်ဆုကြေး
အဲသည် ၉၂ ရက်အတွက် ရတဲ့ လစာ စုစုပေါင်း 5,442,553 ဝမ် ကို ၁ ရက်စာ တွက်လိုက်တော့ (5,442,553/92=) 59,158 ဝမ်ရပါတယ် ။ အဲသည် တစ်နေ့ပျမ်းမျှ (နေ့တွက်) လုပ်ခကို ရက် ၃၀ နှင့် မြှောက်လိုက်တော့ ပျမ်းမျှလစာ (59,158 X 30 = 1,774,740) ထွက်လာပါတယ် ။ အဲသည် ပျမ်းမျှလစာ ကို လုပ်သက် (လုပ်သက်ရက်ပေါင်းကို ၃၆၅ နှင့် စားပြီး ရသော အဖြေ) နှင့် မြှောက်လိုက်ရင် ရသင့်တဲ့ လုပ်သက်ဆုကြေးထွက်လာပါသတဲ့ ခင်ဗျာ ။
(ပုံကြီးကြီးကြည့်ချင်ရင် ပုံကို ကလစ်ပြီး ကြည့်ရပါတယ် ။ အဲသည် ပုံကို ပီဒီအက်ဖ် ဖိုင်နှင့် ကြည့်ချင်ရင်တော့ ဒီမှာကလစ်ပြီး ကြည့်လို့ရပါတယ်)
လုပ်သက်ဆုကြေးများများရအောင်
ဂလိုဆိုတော့ ၊ အလုပ်ထွက်ခါနီးနောက်ဆုံးလတွေမှာ အချိန်ပိုများများဆင်းခဲ့ရင် လုပ်သက်ဆုကြေး များများရမယ့် သဘောပါပဲ ။ အချို့သူဌေးများ သဘောပေါက်လွန်းလို့ အလုပ်ထွက်ခါနီးမောင်တွေကို အချိန်ပို မခိုင်းတော့ဘဲ အနား ပေးကြတာ များသတဲ့ခင်ဗျာ ။ သူဌေးမင်း အချိန်ပို မခိုင်းတော့လည်း အဲသည်ကာလမှာ အလုပ်ပျက်ရက် မရှိစေနှင့်ပေါ့ဗျာ ။
ကိုကိုအီးပီတို့ရဲ့ လုပ်သက်ဆုကြေး

ကိုရီးယားသူဌေးမင်းများဟာ ကိုကိုအီးပီတို့အတွက် လုပ်သက်ဆုကြေးအာမခံ မထားမဖြစ် ထားကြရတာမို့ ၊ အာမခံကုမ္ပဏီ (ဆမ်ဆောင်း ရေကြောင်းနှင့်မီးအာမခံ) ဆီက လုပ်သက်ဆုကြေးအာမခံငွေကို ပြန်တောင်း ယူကြ ရပါတယ် ။ လုပ်သက်ဆုကြေး ကို အပေါ်မှာ တွက်သလိုတွက်ပြီး ထွက်လာတဲ့အတိုင်း ကိုကိုအီးပီတို့ကို ပေးရမှာ ဖြစ်ပါတယ် ။ တစ်ချို့ သူဌေး အာမံငွေကို ကိုကိုအီးပီများထံ တိုက်ရိုက်ထုတ်ပေးပြီး ၊ လိုတာကို ထပ်ဖြည့်ပေးတာလည်း ရှိတယ် ။ သို့ပေမယ့် တစ်ချို့သူဌေး လုပ်သက်ဆုကြေးကိစ္စ လုပ် မပေးလို့ အာမခံကုမ္ပဏီဆီက ကိုယ့်ဟာကိုယ် တောင်းယူရတဲ့သူတွေလည်း ရှိတယ် ။ လိုငွေကိုလည်း ဖြည့်မပေးဘူး ။ ရှုပ်ရှုပ်ရှက်ရှက် မလုပ်ချင်ကြလို့ ရသလောက်လေးယူပြီး ကျေနပ်လိုက်ရတာ တွေလည်း ရှိသတဲ့ ။ ကိုကိုအီးပီတစ်ချို့များ အာမခံထားတဲ့ငွေရော ၊ သူဌေးပေးတဲ့ လုပ်သက်ဆုကြေးပါ ၂ မျိုးစလုံး ရမယ် လို့ ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ် ။
ကဲ ၊ သည်တစ်ခါတော့ ကိုယ်ရမယ့် ဆုကြေးကိုယ့်ဟာကိုယ်တွက်ကြည့်တတ်ရော့ပေါ့ ။
(ရသင့်တာတွေ ရကြပါစေဗျား)

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>