Thursday 13 January 2011

အပြန်စရိတ်အာမခံအပ်နှံငွေ တောင်းခံနည်း

ခုတလော ကျနော်တို့ကိုရက်ပ်စ်-မြန်မာလုပ်သားတွေ အိမ်ပြန်အာမခံငွေ ထုတ်ဖို့ တစ်နိုင်ငံလုံး လိုက်မေးပြီး အလုပ်ရှုပ်နေကြတဲ့သူတွေရှိသလို ၊ တစ်ချို့ကျပြန်တော့ အာမခံကြေး မရတော့ဘူးထင်ပြီး ၊ မတောင်းပဲပြန်သွားကြတဲ့သူတွေလည်းရှိ ၊ ဟော တစ်ချို့တော့လည်း ဟိုဟာလုပ်မပေးရင် အိမ်ပြန်စရိတ် အာမခံငွေ မပေးတော့ဘူးဆိုပြီး အကြပ်ကိုင် ခြိမ်းခြောက်ခံနေကြရသူတွေလည်း ရှိနေပြန်ပါတယ် ။ (ဟိုဟာလုပ်ခိုင်းနေတဲ့ကိစ္စကိုတော့ သပ်သပ်ရေးပါဦးမယ်။)
ဒီတော့ ကျနော်တို့ ကိုကိုရွှေမြန်မာများ အိမ်ပြန်စရိတ်အာမခံကြေးထုတ်ယူဖို့ကိစ္စ ၊ ဘယ်သူ့ကိုမှ ဒုက္ခပေးမနေတော့ဘဲ ၊ ကိုယ့်အားကိုယ်ကိုးစံနစ်နဲ့လုပ်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ်ဗျား။
*****
- ကိုရက်ပ်စ်နှင့်အဓိက အာမခံ ၄မျိုး (4 Major Insurance)ကိုရက်ပ်စ် အလုပ်သမားတစ်ဦးဟာ အောက်ဖော်ပြပါ အာမခံစနစ်များကို အလို အလျောက် ခံစားခွင့် ရရှိကြပါတယ် -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- လုပ်ငန်း အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) ။
- အမျိုးသား အငြိမ်းစားလစာ (National Pension) ။ (နီပေါ ၊ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ပါကစ္စတန် ၊ တူရကီ ၊ ယူကရိန်း နှင့် ရုရှား နိုင်ငံသားများ မပါ )
*****
- ကိုရက်ပ်စ်-လုပ်သားများ အာမခံ နှင့် အပေါင်ငွေ (Insurance & Trust) ၄မျိုးအောက်ဖော်ပြပါ အာမခံနှင့်အပေါင်ငွေ၎မျိုးကိုတော့ မထားမနေ ထားကြရပါတယ် ။ မထားလျင် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပါတယ် ။ အာမခံကြေး ၂ မျိုးကို အလုပ်သမား ကိုယ်တိုင်က ပေးသွင်းကြရပြီး ၊ ၂ မျိုးကိုတော့ အလုပ်ရှင်က ပေးသွင်းကြရမှာပါ ။
- အရေးပေါ်အာမခံ (Casualty Insurance) ။
- အပြန်စရိတ်အာမခံ အပ်နှံငွေ (Return Cost Insurance Trust) ။ စာချုပ်အတည်ဖြစ်ပြီး ရက်ပေါင်း ၈ဝ အတွင်း ထားရှိရမှာ ဖြစ်ပါတယ် ။ ကိုရီးယားမှ ပြန်လည်ထွက်ခွါရမည့်အချိန်တွင် အပြန် စရိတ် လွယ်ကူ ဖူလုံမှုရှိစေရန် စုဆောင်းထားရှိရသည့် အာမခံ (အပေါင်ငွေ) ဖြစ်ပါတယ် ။ အဆိုပါအာမခံ မထားလျင် ဒဏ်ငွေမှာ ဝမ် ၈ သိန်း ဖြစ်ပါတယ် ။ အာမခံငွေကို သက်ဆိုင်ရာ အလုပ်သမားက ပေးသွင်း ရမှာ ဖြစ်ပါတယ် ။ (귀국비용보험)
- ပြည်ထွက် အာမခံ (Departure Guarantee Insurance) ။ အလုပ်သမား ၅ ဦးနှင့်အထက် ရှိသော အလုပ်ရုံ စက်ရုံများအတွက် အလုပ်ရှင်က ထားရှိရသည့် အာမခံ ဖြစ်ပါတယ် ။ လစဉ်ဖျမ်းမျှလစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ် ။ အဆိုပါ အာမခံမထားလျင် ဝမ် သန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ အဆိုပါ အလုပ်ရုံမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ပြီး အလုပ်သမား တစ်ဦးဦး (နိုင်ငံခြားသား လုပ်သားများအပါအဝင်) ဟာ အဆိုပါ အလုပ်ရုံမှ အနားယူ သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ၁ လစာ ( အကြမ်းဖျင်း) ကို လုပ်သက်ဆုကြေး (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ အလုပ်ရှင်မှ မပေးလျင် အာမခံ ကုမ္ပဏီသို့ တောင်းခံလျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ် ။ ၁-နှစ်မပြည့်ဘဲ အလုပ်ရုံမှ ထွက်လျင် (ပြေးလျင်) သို့မဟုတ်ပြောင်းလျင် အာမခံထားပေးသူ(အလုပ်ရှင်)က ပြန်လည်ထုတ်ယူနိုင်သော အာမခံငွေ ဖြစ်ပါတယ် ။(출국만기보험)
- လုပ်အားခ အာမခံ (Wage Guaranty Insurance) ။
*****
တောင်းခံကြရမည့်နေရာ-Samsung Fire & Marine Insurance
Samsung Insurance Building
87, Euljiro 1 Ga,
Choong Gu, Seoul
Korea 100-191
Tel: 02-2119-2400
Fax: 0505-161-1421
သို့မဟုတ်
Korean Human Resources Development Service Center
370-4, Gongdeok Dong,
Map’o Gu, Seoul
Tel: 02-3271-9436~37
Fax: 02-3771-9348
*****
လိုအပ်သည့်စာရွက်စာတမ်းများ- နိုင်ငံခြားသားမှတ်ပုံတင်ကပ်ပြား သို့မဟုတ် နိုင်ငံကူးလက်မှတ် မိတ္တူ
- အလုပ်သမားနာမည်ဖြင့်ဖွင့်လှစ်ထားသော ဘဏ်စာအုပ်မိတ္တူ
- ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာ(출국예정사실확인서)
*****
တောင်းခံရမည့်အချိန်- ကိုရီးယားနိုင်ငံမှ အပြီးအပိုင်ထွက်ခွါရန် ပြင်ဆင်ပြီးချိန် ။
*****
တောင်းခံရန်နည်းလမ်း- 고용지원센터 ခေါ် (အလုပ်သမားဝန်ကြီးဌာန) အလုပ်အကိုင်ထောက်ပံ့ရေးဌာနသို့ ၊ မိမိကိုရီးယားမှ ထွက်ခွါမည့်အချိန်ကို လေယာဉ် သို့မဟုတ် သင်္ဘောလက်မှတ်နှင့်တကွ သတင်းပို့ရပါမည် ။
- ၄င်း အလုပ်အကိုင်ထောက်ပံ့ရေးဌာနမှ ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာကို ထုတ်ပေးပါမည် ။ ၄င်း ထောက်ခံစာကို အာမခံငွေတောင်းခံလွှာ (ဒီမှာနှိပ်ကြည့်) ၊ အခြား လိုအပ်သော စာရွက် စာတမ်းများ နှင့်အတူ ဆမ်ဆောင်းမီးနှင့်ရေကြောင်းအာမခံဌာနသို့ ဖြစ်စေ ၊ ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနသို့ဖြစ်စေ ဖက်စ်ဖြင့် သို့မဟုတ် လူကိုယ်တိုင်သွား၍ ပေးပို့ရပါမည် ။
သင် ကိုရီးယားမှ မထွက်ခွါမှီ သင့်ဘဏ်စာရင်းထဲသို့ လျှောက်ထားငွေများ ရောက်လာပါလိမ့်မည် ။
(ဆမ်ဆောင်းအာမခံသို့ တိုက်ရိုက်လျှောက်ထားခြင်းက ပို၍ အဆင်ပြေစေမည်ဟုယူဆပါသည်။)
အားလုံးအဆင်ပြေကြစေကြောင်း ဆုမွန်များတောင်းလိုက်ပါတယ် ။




လေးစားလျက်-
ကိုဝိုင်း(မိုးညှင်း)

No comments: