Sunday 10 April 2011

တရားဝင်ဗီဇာ ရှိသူတွေ ဘာကြောင့်အဖမ်းခံရသလဲ

မြန်မာ ၂ ယောက် အဖမ်းခံရသတဲ့
ခုတလော တရားဝင်အီး-နိုင်းဗီဇာ ရှိနေသူ မြန်မာအလုပ်သမား ၂ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အဖမ်းခံသွားကြရပါတယ် ။ ဒီသတင်း မေးကြမြန်းကြ သိချင်ကြသူတွေ တော်တော်များနေပုံလည်းရပါတယ် ။ စာရေးဖို့တိုက်တွန်းကြသူတွေလည်း တထောကြီးပါပဲ ။
မေးကြမြန်းကြ တာတွေ ငြင်းကြခုန်ကြတာတွေကတော့ -
- တရားဝင်ဗီဇာနှင့်နေတာ ဘာကြောင့်အဖမ်းခံရတာလဲ ။
- ကိုရီးယား ၂ ကျော့ပြန် (၂-က) ဆိုရင်ဖမ်းသလား ။
- တိုင်တဲ့လူရှိလို့ အဖမ်းခံရတာလား ။
- နာမည်ပြောင်းလာရင်ဖမ်းသလား ။
စသည်ဖြင့် အမျိုးအမျိုးပါပဲ ။ ကြိုးစားပြီး တင်ပြပါ့မယ်။

e-passport တွေ ရပြီဗျို့
အခု ကျနော်တို့မြန်မာအပါအဝင် နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံကူးလက်မှတ်တွေကို စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ် (Machine Readable Passport: MRP) စနစ်ကိုပြောင်းပြီးကြပါပြီ။ အီးပတ်စပို့ (e-passport) ဆိုပြီးခေါ်ကြ ပြောကြ ရေးကြတာတွေလည်း ရှိပါတယ် ။ အဲသည် စနစ်ဟာ စကင်ပုံများ ၊ လက်ရေး လက်မှတ် ၊ ပုံနှိပ်စာသားစတဲ့ အချက်အလက်တွေကို စက်ကဖတ်လို့ရတဲ့ အချက်အလက်များအဖြစ် ဘာသာပြန် ပြောင်းလဲပေးတဲ့ စနစ် (Optical character recognition, OCR is the mechanical or electronic translation of scanned images of handwritten, typewritten or printed text into machine-encoded text) လို့ဆိုပါတယ် ။ အဲသည် OCR စနစ်မှာ သင်္ကေတ ၄၄ လုံးရှိတဲ့ စက်ကဖတ်လို့ရတဲ့ နေရာ (machine readable zone: MRZ) တစ်ခုရှိနေပြီး အဲသည်သင်္ကေတများဟာ အင်္ဂလိပ်အက္ခရာ နှင့် ဂဏန်းများသာ ဖြစ်တယ်လို့ ဆိုပါတယ် ။

၅ နှစ်အတွင်း ပြန်မလာရဘူးတဲ့
ကျနော်တို့ မြန်မာနိုင်ငံသား တစ်ချို့ ကိုရီးယားကိုရောက်လာ ၊ အကြောင်းအမျိုးမျိုးးကြောင့် ရက်လွန်နေထိုင် (Over-stay) သူ ဖြစ်သွားကြပြီး ကိုရီးယားက ပြန်ထွက်သွားကြတာတွေရှိပါတယ် ။ အချို့ အဖမ်းခံရပြီး ပြည်နှင်မိန့်နှင့် ထွက်သွားရတာမျိုးရှိသလို ၊ အချို့ ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ အချို့ကတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Penalty Free) ပေးတဲ့အချိန်ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ (ပင်နယ်လ်တီပေးတဲ့အချိန်ပြန်တယ်လို့ ပြောကြတာတွေလည်း ရှိပါတယ် ။) အဲသည် ကင်းလွတ်ခွင့်ရချိန် ပြန်သွားကြသူများမှ အပ ကြွင်းကျန်သော ကိုရီးယားမှာ ရက်လွန်နေထိုင်သူဖြစ်ဖူးသူများဟာ ကိုရီးယားက ထွက်သွားတဲ့ရက်ကစပြီး ၅ နှစ်အတွင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကိုရီးယားသို့ ပြန်ဝင်ခွင့်မရှိပါဘူး ။

၂-က များအပြစ်ရှိသလား
ဒီဥပဒေကို ရှောင်တဲ့အနေနဲ့ ၊ ကိုရီးယားမှာ ရက်လွန်နေထိုင်ပြီး ပြန်သွားတဲ့သူအချို့ဟာ မြန်မာပြည်ပြန်ရောက်တော့ မြန်မာ့နည်းမြန်မာ့ဟန်နှင့် နိုင်ငံကူးလက်မှတ်အသစ် ကို အမည်သစ်တစ်ခုခုနှင့်လျှောက်ယူကြပါတယ် ။
အဲသည် အမည်သစ်နှင့် ကိုရီးယားကို နောက်တစ်ကျော့ဝင်လာကြသူ(၂-က)တွေ အခု ပြဿနာတက်တာပါ ။ ပထမ တစ်ယောက်ဆို ပြန်ဝင်လာတာ ၄ နှစ်ကျော်ရှိနေပါပြီ ။ မြန်မာပြည် ခွင့်ပြန် အဝင်အထွက်တောင် လုပ်နေပါသေးတယ် ။ နောက်တစ်ယောက်ကတော့ ၂ နှစ်နီးပါးရှိပြီလို့သိရပါတယ် ။ အများသိပ်မသိကြသေးတဲ့ အခြားမြန်မာ တစ်ယောက်ကတော့ လေဆိပ်မှာတင် လဝက ကသိသွားပြီး ပြည်ဝင်ခွင့်ရမသွားပါဘူး ။ ပြန်အကန်ခံရတယ်လို့ ပြောကြတာပေါ့ခင်ဗျာ ။

လက်မှတ်အသစ်ရပြီး များမကြာမှီ
အဲသည် လေဆိပ်မှာတင် ပြန်ကန်ခံရတဲ့သူက ဘာ ပတ်စပို့နှင့်လာတာဆိုတာမသိရပေမယ့် ၊ ပြည်တွင်းမှာ အဖမ်းခံသွားရတဲ့ ၂ယောက်စလုံးမှာ ဖြစ်စဉ်တူတာ ၁ ခုရှိပါတယ် ။ ၂ ယောက်စလုံး အရင် ရိုးရိုးနိုင်ငံကူးလက်မှတ် နှင့် ကိုရီးယားဝင်လာကြတယ် ။ နိုင်ငံကူးစာအုပ်အဟောင်း သက်တမ်းကုန်လို့ မြန်မာသံရုံး(ဆိုးလ်)မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုက်ကြတယ် ။ ကိုရီးယားပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတော့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးလိုက်တယ် ။ နိုင်ငံကူးလက်မှတ်အသစ်ဟာ စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ်တွေ ဖြစ်နေတယ် ။ သူတို့ အဲသည် နိုင်ငံကူးလက်မှတ် အသစ်ကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနသွားပြီး မှတ်တမ်းတင်ကြရပါတယ် ။ ၂ ယောက်စလုံး စာအုပ်သစ်ရတာ ၂ လလောက်ပဲရှိကြသေးတယ်လို့ဆိုတယ် ။ နောက် အင်ချောန်း လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနက စက်ရုံအရောက် လိုက်လာကြပြီး ဖမ်းသွားတာလို့ ဆိုပါတယ် ။

မြန်မာချည်းပဲ ဒီလိုဖြစ်တယ်မထင်နဲ့ဆရာရေ
ဟိုမှာရောက်တော့ အရင် ရောက်နှင့်နေတဲ့ နိုက်ဂျီးရီးယား ၂ ယောက်နှင့် တစ်ခန်းတည်းနေရတယ်လို့ ပထမဆုံး အဖမ်းခံရသူက ပြောပါတယ် ။ နောက်ထပ် ၂ ရက်လောက်ကြာတော့ ဖိလစ်ပိုင် ၃ ယောက်ထပ်ရောက်လာတယ်လို့ ဆိုပါတယ် ။ ပထမ ၃ ယောက်စလုံး ၁ ခန်းတည်း အတူဝင်လာကြပြီး ခဏကြာတော့ ဖလစ်ပိုင် ၃ ယောက်ကို ၁ ယောက်စီခွဲထားလိုက်တယ်လို့ဆိုပါတယ် ။ အားလုံး ကိုရီးယား ၂ ကျော့ပြန်အမှုတွေချည်းပဲလို့ဆိုတယ် ။ အမှုကိုတော့ ပထမ ဝင်ထားတဲ့ နာမည်နှင့်ပဲ တရားစွဲတယ်လို့ဆိုပါတယ် ။ ကျနော်တို့ မြန်မာတွေ အခုမှ အဲသည်သတင်း ကြားရပေမယ့် နီပေါလ်သားများ အဲသလို အဖမ်းခံနေရတာ ၆ လလောက်ရှိနေပြီလို့လည်း သိရပါတယ် ။

၅နှစ်ကျော် နာမည်ပြောင်းဖို့မလို
နောက် ကိုရီးယားမှာ ရက်လွန်နေထိုင်ဖူးသူဖြစ်ပေမယ့် ၊ ကိုရီးယားက ထွက်သွားတာ ၅ နှစ်ကျော်ကြာပြီးသူများ အမည်ပြောင်းဖို့မလိုဘဲ ယခင်အမည်ဟောင်း နှင့်ပဲ ပြန်လာလို့ရတယ်လို့ဆိုပါတယ် ။ ပြန်လာကြသူတွေလည်း ရှိနေပါတယ် ။ အဲသည်သူများ စိုးရိမ်စရာမရှိဘူးလို့ တတ်သိသူများပြောကြတာကိုလည်း ကြားမိကြောင်းပါခင်ဗျာ ။



ရည်ညွှန်းစာများ -
- http://en.wikipedia.org/wiki/Optical_character_recognition
- http://en.wikipedia.org/wiki/Machine-readable_passport


2 comments:

Unknown said...
This comment has been removed by the author.
Unknown said...

အမည် မွေးသက္ကရာဇ် ဘာမှ မပြောင်းပဲ စာအုပ်အသစ် နံပါတ်အသစ် ဖြင့် ရမရ သိပါရစေခင်ဗျာ