Saturday 3 December 2011

မြန်မာအီးပီလုပ်သားများ သိထားသင့်သော လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ

မြန်မာ အီးပီကိုကိုက တရားလိုလုပ်ပြီးတိုင်ခဲ့တာပါ
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရဲတစ်ယောက်က အကူအညီတောင်းလို့ ရဲစခန်း တစ်ခုမှာ စကားပြန်လုပ်ပေးခဲ့ရပါတယ် ။ အမှုကတော့ မြန်မာ အီးပီအလုပ်သမားတစ်ယောက် မတရားအလုပ်ခံရတဲ့အမှုပါ ။ မြန်မာက တရားလိုလုပ်ပြီး တိုင်ခဲ့တဲ့အမှုပါ ။ အဲသည်အမှု ကျနော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေသိထားသင့်တယ်ထင်လို့ ဒီဆောင်းပါးကိုရေးဖြစ်ပါတယ် ။
အမှုကတော့ တည်းခိုခန်းသွားပြီး ၊ ပြည့်တန်ဆာနှင့် ပျော်ပါးခဲ့ရာမှာ ၊ အလိုမပြည့်မြောက်ဘဲ ၊ ပြန်လာခဲ့ရာတာကို မကျေနပ်လို့ တိုင်ကြားခဲ့တဲ့အမှုပါ ။

ဖြစ်ပုံက သည်လိုတဲ့ခင်ဗျ ။
ရဲ (မေး) ။ ဒီနေရာကို ဘာဖြစ်လို့ရောက်နေတယ် ဆိုတာ သိပါသလား ။
အီးပီ (ဖြေ) ။ သိပါတယ်။
ရဲ (မေး) ။ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) အရ တိုင်တန်းချက်ရှိလို့ ရောက်နေတယ်ဆိုတာကို သိပါသလား ။
အီးပီ(ဖြေ)။ သိပါတယ် ။

မေးဖြေမလား ၊ ရှေ့နေခေါ်ဦးမလား
အဲသည်နောက် အမှုစစ်ရဲအရာရှိက ရဲလက်စွဲအတိုင်း ရှင်းပြပါတယ် ။ အမှန်အတိုင်းပြောဖို့ တာဝန်ရှိကြောင်း ၊ သို့ရာတွင် စစ်ဆေးမေးမြန်းချက်များကို မပြောဘဲနေ၍လည်း ရကြောင်း ၊ ထွက်ဆိုချက်များအရ ဥပဒေနှင့် ညှိစွန်းနေပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၊ မေးမြန်းချက်များကို စကားပြန်ဖြင့် မေးမြန်းမည်ဖြစ်ကြောင်း ၊ ရှေ့နေခေါ်လိုက ခေါ်နိုင်ကြောင်း ပေါ့ခင်ဗျာ ။
သာမန် အစစ်ခံ ၊ ထွက်ဆိုချက်ပေးမည်ဖြစ်ကြောင်း ၊ ရှေ့နေမခေါ်လိုကြောင်း မှတ်တမ်းတင်ပါတယ် ။

ကိုယ့်အဖြစ် ကိုယ်မှတ်မိပါသလား
အဲသည်ညက အရက်သောက်ထားပါသလား ။
အဲသည်ညက အဖြစ်အပျက်တွေကို မှတ်မိပါသလား ။
အရက်သောက်ထားသော်လည်း ပုံမှန်သာ သောက်ထားခြင်းဖြစ်သည့်အတွက် အသေအခြာ မှတ်မိပါတယ် ။
အဲသည်ညက ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါ ။
အဲ သည်ညနေ ၊ သူငယ်ချင်းများနှင့် အရက်သောက်ကြပါတယ် ။ နောက် အရက်ဝိုင်းမှာ ပြောကြရင်း ၊ ဒီနားက တည်းခိုခန်းမှာ အမျိုးသမီးခေါ်ပြီး ပျော်ပါးလို့လို့ရကြောင်း သိရပါတယ် ။ သူငယ်ချင်းက လိုက်ပို့လို့ ၊ တည်းခိုခန်းကိုရောက်ပါတယ် ။ တည်းခိုခန်းပိုင်ရှင်က အမျိုးသမီးပါ ။ ဝင်ဝင်ချင်း အမျိုးသမီးရသလားလို့ မေးတော့ ရတယ် ။ ၃ သောင်းပေးရမယ် ။ မိနစ် ၂၀ လောက်စောင့်ရမယ်ပြောပြီး ၊ အခန်းတစ်ခန်းကို လိုက်ပို့ပါတယ် ။ မိနစ် ၂၀ လောက်ကြာတော့ ၊ အမျိုးသမီး တစ်ဦးရောက်လာပါတယ် ။ အရပ်ဘယ်လောက် ၊ အသက်ဘယ်လောက် ၊ အပေါ် အောက် ဘာညာ ဝတ်ထားပါတယ် ။
ရောက်ရောက်ချင်း ဘာညာစသည်ဖြင့် ၊ အစဉ်အတိုင်း မလစ်ဟာရအောင် ၊ ကွက်ကွက်ကွင်းကွင်း ဖြစ်အောင် မှတ်တမ်းတင်ပါတယ် ။

လိမ်ပြောပေးပါငါ့မောင်ရယ်
ပြဿနာက ဘာဖြစ်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်နှင့် ကွဲလွဲနေတဲ့ ပြဿနာ ။
ဘယ်ဟာမှန်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်က မှန်ပါသတဲ့ ။
အခုဘာလို့ ပထမထွက်ဆိုချက်နှင့် ကွဲလွဲပြီးထွက်ဆိုရပါသလဲဆိုတော့ ။
မိုတယ်ပိုင်ရှင် အဖွားကြီးက သည်အတိုင်းပြောခိုင်းလို့ပါတဲ့ ။
ဇာတ်လမ်းက အခုမှစတာဗျို့ ။
အဖွားကြီး ကဘာပြောခိုင်းထားသလဲဆိုတော့ ၊ အမျိုးသမီးလာပါတယ် ။ ကျနော်က မူးနေလို့ ၊ အမျိုးသမီးနှင့် မပျော်ပါးလိုက်ရဘူး ။ ဒီအတိုင်းပြန်သွားပါတယ် လို့ပြောပေးပို့ ပြောခိုင်းထားသတဲ့ ဗျ ။

ဇွတ်ပြန်သွားတဲ့သူ ၊ ငါ့ပိုက်ဆန်ပြန်ပေးပါ
သူက အဲသလို ဘယ်ပြောချင်ပါ့မလဲ ။ အမှုက အမျိုးသမီးက ကိစ္စမပြီးမြောက်မှီ ၊ ကြာလို့ အချိန်စေ့ပြီ ဆိုပြီး ပြန်သွားတဲ့အတွက် ၊ အဲသည်အမျိုးသမီးဆီက ပိုက်ဆံပြန်ရချင်လို့ တိုင်ထားတဲ့အမှု ။
သည်တော့ သေခြာအောင်ရဲက ထပ်မေးပါတယ် ။
လိင်ဆက်ဆံမှု ပြုခဲ့သလား ၊ မပြုဘူးလား ။
ပြုခဲ့ပါတယ် ။ ဘယ်လောက်ကြာပါတယ် ။ ကိစ္စမပြီးမှီ အမျိုးသမီးက တော်ပြီ ၊ အချိန်စေ့ပြီ ၊ ထပ်လုပ်ချင်ရင် ပိုက်ဆံထပ်ပေး ၊ ပိုက်ဆံ အပို ထပ်မပေးရင် ပြန်မယ် ဆိုပြီး ၊ ဇွတ်ပြန်သွားသတဲ့ ။ အဲသည်မှာ ကိုကိုအီးပီ ကလည်း ဒီလိုလုပ်လို့ဘယ်ရမလဲ ၊ ငါ့ပိုက်ဆန်ပြန်ပေးဆိုပြီး ပြန်တောင်း ။ ဟိုကလည်း ပြန်မပေးနိုင်ဘူး ။ သူ့တာဝန်ကျေပြီဆိုပြီး ဖြစ် ။ အဲသည်လိုနှင့် ရဲစခန်းရောက်ကြတာ တဲ့ ။

တရားခံဖြစ်သွားသော တရားလိုအီးပီကိုကို
နောက် ရဲက ထပ်မေးတယ် ။ လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ
(성매매 알선 및 행위자 처벌에 관한 법률) အရ မင်းမှာ အပြစ်ရှိတယ်ဆိုတာ သိပါသလား ။
ဟာ ၊ ဒုက္ခပဲအစ်ကို ကျနော်မသိဘူး ။ ကျနော်ဘယ်လိုပြောရမလဲ ။
ဟာညီလေး ၊ ဥပဒေကို မသိဘူးလို့ဆိုပြီး ငြင်းလို့မရဘူး ။ မသိလို့ ကျူးလွန်ရပါတယ်ဆိုလဲ ၊ အပြစ်က မလွတ်ဘူး ညီလေး ။ အေးကွာ ၊ ရှုပ်ကုန်ပြီ ။ မင်းကအဖြစ်မှန်ကို စောစာက ပြောထားလည်း ကြိုပြီး ညှိလို့ရဦးမယ် ။ အခုတော့ရှုပ်ကုန်ပြီ ။
မထူးဘူးကွာ ရဲနှင့်တိုင်ပင်ကြမယ် ။

(ဒီလိုနှင့် ရဲနှင့်တိုင်ပင်ကြပါတယ် ။ ရဲက ၊ ဟာ ဒီလိုလုပ်လို့မရဘူး ၊ တဲ့ ။ အခုလိုတိုင်ပင်တာကိုပဲ ပြစ်မှုမြောက်နေပြန်ပြီတဲ့ ။ သေရော့။ မိအေး ၂ခါနာဆိုတာ အဲတာမျိုးခေါ်မှာပေါ့နော် ။ )

ဥပဒေက ဒီလိုရှိပါတယ်
ဟုတ်ကဲ့ ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ၊ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) (2004. 3. 22, 법률 제7196호) ဆိုတာရှိပါတယ် ။ အဲဒီအထူးဥပဒေကို -
• လိင်အရောင်းအဝယ် ကာကွယ်ရေးနှင့် လိင်အရောင်းအဝယ်ခံရသူများစောင့်ရှောက်ရေးဆိုင်ရာဥပဒေ (성매매 방지 및 피해자 보호등에 관한 법률) နှင့်
• လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) ဆိုပြီး ဥပဒေ ၂ မျိုးခွဲခြားနိုင်ပါတယ် ။

ရောင်းသူဝယ်သူ အတူတူ
လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) မှာ လိင်အရောင်းအဝယ်ဆိုတာကို ပုဒ်မ (၂) ပုဒ်မခွဲ (၁) မှာ သည်လိုအဓိပ္ပါယ်ဖွင့်ထားပါတယ် ။
လိင်အရောင်းအဝယ်ဆိုသည်မှာ ၊ သာမန်တစ်ဦးတစ်ယောက်အား အဖိုးတန်ပစ္စည်းဖြစ်စေ ထို့ပြင် အမြတ်အစွန်း အကျိုးအမြတ်အတွက် လာဘ်လာဘ သို့မဟုတ် လာဘ်လာဘ ပေးမည်ဟု ကတိကဝတ်ပြုပြီး ၊ အောက်ဖော်ပြပါ အပြုအမူများအနက် တစ်ခုခုကို ပြုမူလျင် ဖြစ်စေ ၊ ထိုသို့ပြုမူခံရလျင် ဖြစ်စေ ဆိုလိုခြင်းဖြစ်သည် -
- (က) လိင်ဆက်ဆံခြင်း
- (ခ) ပါးစပ် ၊ စအို အစရှိသည့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း တစ်ခုခု သို့တည်းမဟုတ် ကိရိယာကို အသုံးပြုပြီး
လိင်ဆက်ဆံခြင်း
/제2조(정의) ① 이 법에서 사용하는 용어의 뜻은 다음과 같다.
1. "성매매"란 불특정인을 상대로 금품이나 그 밖의 재산상의 이익을 수수 (收受) 하거나 수수하기로 약속하고 다음 각 목의 어느 하나에 해당하는 행위를 하거나 그 상대방이 되는 것을 말한다.
- 가. 성교행위
- 나. 구강, 항문 등 신체의 일부 또는 도구를 이용한 유사 성교행위/
ပြစ်ဒဏ်များကိုတော့ ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားပါတယ် ။
- လိင်အရောင်းအဝယ်ပြုသူသည် (၁) နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ် သိန်း (၃၀) အောက် ဒဏ်ငွေ ၊ စီရင်ခြင်း သို့မဟတ် တပ်ရိုက်ခြင်း ခံရမည် ။
/제21조(벌칙) ① 성매매를 한 사람은 1년 이하의 징역이나 300만원 이하의 벌금•구류 또는 과료(科料)에 처한다./
ဟုတ်ကဲ့ ၊ ကိုကိုအီးပီ မိတ်ဆွေများ ခင်ဗျာ ။
မိမိက တရားလိုအဖြစ် တိုင်ကြားမည့်အမှုအတွက် မိမိသည် အပြစ်ကင်းသူ ဖြစ်ဖို့လိုမည်ဟု ယူဆပါကြောင်း ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: