Monday 14 April 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၁)

ခုတလော ၊ မျက်နှာစာအုပ်မှာ ပူညံ ပူညံ စာတွေ ဖတ်နေရတယ် ။ ထွဲဂျစ်ကွမ့် ဥပဒေကို ပြင်တယ်ဆိုလားပဲ ။ လေ့လာကြည့်လိုက်တော့ ၊ ထွဲဂျစ်ကွမ့်ဥပဒေကို ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်း အလျဉ်းမရှိကြောင်း တွေ့ရပါတယ် ။ ထွဲဂျစ်ကွမ့်ဥပဒေသည် နဂိုအတိုင်း လည်ပတ်လျက်ရှိနေကြောင်း သိရပါတယ် ။
ဖြစ်ပုံက ဤလိုပါ ။
ကိုရီးယားအစိုးရဟာ ၊ အီးနိုင်းလုပ်သားများ ဗီဇာကုန်ဆုံးချိန်မှာ ကိုရီးယားက အသာတကြည် ပြန်လည်ထွက်ခွါကြစေဖို့ဆိုတဲ့ အကြံနှင့် ပြည်ထွက်အာမခံစနစ် ကိုကျင့်သုံးဖို့ အီးပီ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ် ။ ကိုရီးယားလိုတော့출국만기보험 (ချူးလ်-ကုက်-မန်-ကီ-ဘို-ဟောမ်) လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်လိုတော့ Departure Guarantee Insurance လို့ ဘာသာပြန်ထားကြပါတယ် ။
မြန်မာလိုပြန်ရရင်တော့-
- ပြည်ပထွက်ခွါ(출국)
- ပြီးဆုံးခြင်း ၊ သက်တမ်းကုန်ခြင်း(만기)
- အာမခံ(보험)
တိုတိုတုတ်တုတ်ပြောရရင်တော့ ၊ ပြည်ထွက်အာမခံ ။
အဓိပ္ပါယ်ကတော့ (ကိုရီးယား) ပြည်က ထွက်လျင်ပေးမယ့် အာမခံငွေ ။
မြန်မာလိုထပ်ပြောပါမယ် ။ ကိုရီးယားနိုင်ငံမှ (ပြန်လည်) ထွက်ခွါတဲ့အခါ ထုတ်ပေးမယ့် အာမခံငွေပါ ။ ရှင်းအောင် နောက်တစ်နည်း ထပ်ပြောကြည့်ပါဦးမယ် ။ ဥပဒေအမည်အရ ကိုရီးယားက မထွက်သေးလျင် မပေးဘူးဆိုတဲ့ အာမခံဥပဒေ ပါ ။ သည်တော့ သည်အာမခံငွေကို လိုချင်ရင် ကိုရီးယားကနေပြီး တနည်းနည်း (အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ်)ဖြင့် ထွက်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ယူရင် ရမယ်ထင်ပါတယ် ။
ဒါဆိုလျင် ၊ သည်အာမခံကြေးကို ဘယ်အချိန်မှာ ထုတ်ပေးရမလဲဆိုတာ ကျနော်တို့ ကိုကိုအီးနိုင်း ညီအစ်ကိုများ ရှင်းလင်းလောက်ပြီထင်ပါတယ် ။

ကိုကိုတိုင်း ခိုက်တဲ့ ထွဲဂျစ်ကွမ့် (လုပ်သက်ဆုကြေး)
အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장 법) (2005 ဥပဒေအမှတ် 7379) အရ ၊ စက်ရုံ အလုပ်ရုံ တစ်ခုမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ခဲ့သည် အလုပ်သမား တစ်ဦးဦး ဟာ အဆိုပါ စက်ရုံ အလုပ်ရုံမှ အနားယူ (ထွက်/ထုတ်) သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ရက် ၃၀ စာ အထက် ( အကြမ်းဖျင်း) ကို တရားဝင် အနားယူ စရိတ် (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ လစာ (Salary/월급) လို့ မသုံးပဲ ၊ စရိတ်/ခွင့်ပြုငွေ/ကြေး (Allowance/급여) လို့ သုံးထားတာကို သတိပြုကြစေချင်ပါတယ် ။ [သည်စနစ်ဟာ မြန်မာပြည်မှာ တရားဝင်သုံးစွဲနေတဲ့ လုပ်သက်ဆုကြေး(Gratuity) ဆိုတဲ့ ဝေါဟာရ သဘောသဘာဝ နှင့် ခပ်ဆင်တင်တူနေလို့ ကျနော့်ဆောင်းပါးမှာတော့ လုပ်သက်ဆုကြေးလို့ပဲ သုံးပါ့မယ်]
နှစ်ရှည်လများ အလုပ်လုပ်လာတဲ့ အလုပ်သမားများ အနားယူတဲ့အခါ လူမှုရေးအရ အလုပ်ရှင်က ပြန်လည် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ သဘောပါ ။ လူမှုစနစ် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အစီအမံလည်းဖြစ်ပါတယ် ။ သည်ခွင့်ပြုငွေဟာ မသိနားမလည်တဲ့ ကလေးတစ်ချို့ ပြောဆိုသုံးနှုန်းနေကြတဲ့ လုပ်သက် ခံစား ခွင့် (Earned Leave) ဆိုတာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ ။ [လုပ်သက်ဆုကြေး အနုစိတ်တွက်နည်းကို (ဤနေရာတွင်) ဖတ်ရှုနိုင်ပါသည်]
သည် ဆုကြေး ချီးမြှင့်ဖို့ ယခင်က အလုပ်သမား ဦးရေ ခြွင်းချက် ထားပေမယ့် ၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမား အားလုံး (ခြွင်းချက်မရှိ) တန်းတူခံစားခွင့် ရရှိလာပါတယ် ။ လုပ်သက်ဆုကြေးပေးရန် ပျက်ကွက်သည့် အလုပ်ရှင်များကို လည်း ပြစ်မှုကြောင်းအရ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ဒဏ်ငွေ ဝမ် သိန်း ၂၀၀ (နှစ်ရာ) ထိဖြစ်စေ ချမှတ်နိုင်ပါတယ် ။
သည်တော့ ရပ်ကွက်ထဲက ကလေးတွေအော်နေကြသလို ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ ထွဲဂျစ်ကွမ့် ပေးဖို့ အာရုံမထားဘူးဆိုတဲ့ စွပ်စွဲချက် မမှန်သေးဘူးဆိုတာ သေခြာနေပါပြီ ။ သည်ထက်ဂရုစိုက်ဖို့ဆို မပေးတဲ့ လုပ်ငန်းရှင် လူပုံအလည်မှာ တစ်ခါတည်း ကျောက်ခဲနှင့် ဝိုင်းထုပြီး သေဒဏ်ပေးရမလို ဖြစ်နေပါတယ် ။ ကိုရီးယားကို ရှာရီယာဥပဒေနှင့်အုပ်ချုပ်နိုင်တဲ့ အချိန်မှာတော့ အဲသလို ဥပဒေမျိုး ဖြစ်နိုင်ခြေရှိမှာပါ ။
သည် လုပ်သက်ဆုကြေးကို သက်ဆိုင်ရာ အလုပ်သမားများက သက်ဆိုင်ရာ အလုပ်ရှင်ဆီမှာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း တောင်းယူကြရမှာပါ ။ မပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရ တရားစွဲပြီး တောင်းဆိုသွားကြရမှာပါ ။

ပြည်ထွက် အာမခံ-အပ်နှံငွေ (Departure Guarantee Insurance /출국만기보험•신탁)
သည်အာမခံဘယ်ကလာသလဲ ။ သည်အာမခံစနစ်ကို ဥပဒေတစ်ခု အဖြစ် သီးသန့်ပြဋ္ဌာန်းပြီး မောင်းနှင်နေခြင်းမဟုတ်ပါ ။ နိုင်ငံခြား အလုပ်သမားများ ငှားရမ်းအသုံးပြုခြင်းစသည် ဆိုင်ရာ ဥပဒေ (외국인 근로자의 고용 등에 관한 법률) ပုဒ်မ ၁၃ နှင့် ၊ နည်းဥပဒေ (-ဆိုင်ရာဥပဒေ ၊ အမိန့်ဒီကရီ) ပုဒ်မ ၂၁ (-시행령 제21조) တို့အရ လည်ပတ်နေခြင်းဖြစ်ပါတယ် ဆိုတာကို သိထားပြီးသူ တော်တော် နည်းပါသေးတယ် ။
သည်အာမခံကြေးကို ဘယ်သူက သွင်းရမလဲ ။ ၂၀၁၃ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ အစပြုပြီး အလုပ်သမားရဲ့ လစဉ်ဖျမ်းမျှ လစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က လစဉ် ပေးသွင်းရမှာဖြစ်ပါတယ် ။ လစာငွေမှ နှုတ်ယူ၍မဟုတ်ဘဲ ၊ အပိုဆောင်းပြီး ပေးသွင်းကြရမှာပါ ။
အဲသည် အာမခံမထား(ပျက်ကွက်)သည့် လုပ်ငန်းရှင်ဟာ ဝမ် သိန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမား (အီးနိုင်း) ငှားရမ်းခွင့်ပါ တားမြစ်ခံရမှာဖြစ်ပါတယ် ။
သည်တော့ နိုင်ငံခြားသားအလုပ်သမား (အီးနိုင်း) ငှားရမ်းသုံးစွဲလိုတဲ့ လုပ်ငန်းရှင် တစ်ဦးဦးဟာ သည်အာမခံ (အပ်နှံငွေ)ကို မထားမဖြစ်ထားရှိရမှာ ဖြစ်ပါတယ် ။ သည်တော့ ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ သည်အာမခံကြေး မှန်မှန်ပေးဖို့ ဂရုမစိုက်ဘူး ဆိုတာလည်း မဟုတ်ဘူးလို့ ပြောလို့ရပါတယ် ။ သည်ထက်ဂရုစိုက်ဖို့ဆို သည် အာမခံကြေးမပေးတဲ့ လုပ်ငန်းရှင်ကိုလည်း သေဒဏ်ပေးရမလို ဖြစ်နေပြန်ပါတယ် ။
သည်အာမခံငွေဟာလည်း အချို့ပြောနေကြတဲ့ ပြည်ပြန်စရိတ်အာမခံ (Return Cost Insurance Trust / 귀국비용보험) နှင့်လည်း မသက်ဆိုင်ပါ ။
သည်အာမခံစနစ် အစပိုင်းကဆို ၊ အဲသည်အာမခံငွေကို အလုပ်သမားဆီကဖြတ်ပြီး သွင်းတဲ့ လုပ်ငန်းရှင်တွေတောင် ရှိခဲ့ပါတယ် ။ (ဤတွင်ရှု)
နည်းဥပဒေ နှင့် ညွှန်ကြားချက်တွေ မသိသေးကြတဲ့အချိန် ၊ သဘောမပေါက်ကြသေးတဲ့အချိန်တုန်း ကပါ ။ (ခုတော့ လည်း အဟင်း ၊ မသိချင်ယောင်ဆောင်ကြတုန်းပါ) ။
သည်အာမခံကြေး (ပြန်အမ်းငွေ) ကိုတော့ ၊ သက်ဆိုင်ရာ အာမခံ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း သို့မဟုတ် လုပ်ငန်းထံမှ သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် ကိုယ်စားလှယ်က သတ်မှတ်ကာလအတွင်း နည်းလမ်းတကျ လျှောက်ထားတောင်းယူကြရမှာပါ ။
သက်ဆိုင်ရာ အာမခံဌာနက အာမခံကြေးကို အတိုးနှင့်တကွ ထုတ်ပေးမှာ ဖြစ်ပါတယ် ။ ထုတ်ပေးနေဆဲဖြစ်တာကို တွေ့နေရသလို ၊ ဆက်လက်ပြီးတော့လည်း ထုတ်ပေးနေဦးမှာပဲလို့ ယုံကြည်ရပါတယ် ။ အပ်နှံငွေအတိုးမရဘူးဆိုတာ မသိတဲ့ သူတွေက ရမ်းသမ်းပြီး ပြောတဲ့ ကောလဟလစကားဖြစ်ကြောင်းလည်း သိရပါတယ် ။

(ဆက်ပါမည် ။ နားပါဦးမည် ။)

လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄၀၄၁၅
အင်ချောန်း

No comments: