Thursday, 8 December 2011

ကိုရီးယားအလုပ်ရှင်က မြန်မာအလုပ်သမားထံမှ လုပ်သက်ဆုကြေး ပြန်တောင်းသည့် ပြဿနာ

လုပ်သက်ဆုကြေး (퇴직금) ပြဿနာများ
- ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်ကို သူဌေးက တောင်းနေလို့ ပြန်ပေးလိုက်ရမလားအစ်ကို တဲ့ ။
- နောက် တစ်ယောက်ကတော့ ၊ ထွဲဂျစ်ကွမ့်ပေးတာ နည်းနေလို့ ဘယ်လိုလုပ်ရမလဲအစ်ကိုတဲ့ ။ ကျနော့်ရဲ့ နောက်ဆုံး ၃ လစာပေါင်းက ၅၂သိန်းလောက်ရှိတယ် ။ အခု ၁၃ သိန်းကျော်ပဲ ရနေပါတယ်တဲ့ ။
ပြဿနာ (၂) ခုကို ပေါင်းပြီး ၊ တင်ပြပါမယ် ။ ဇစ်မြစ်က အတူတူပါ ။ ဟန်းဂုရွာနှင့် အဆက်ပြတ်နေတာလား ။ ကျနော်တင်ပြထားတာ မရှင်းတာလား ။ အဲသည်ဆောင်းပါး မဖတ်ဖြစ်တာလား ၊ တစ်ခုခုဖြစ်လိမ့်မယ် ။ မပြောတတ်ဘူး ။
နှစ်ထပ်ရှိတော့ မှတ်မိဆိုသလိုပေါ့ ။ ပြန်တင်ပြပါ့မယ် ။
ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်
ကျနော်တို့ အီးနိုင်းဆရာတွေ အတွက် ၊ ထွဲဂျစ်ကွမ့် နစ်နာမှုမရှိရအောင်ဆိုပြီး ၊ ကိုရီးယားအစိုးရက စီစဉ်ပေးထားပါတယ် ။ အလုပ်ရုံ/စက်ရုံ တစ်ခုမှာ (၁)နှစ်ပြည့်ြုပီဆိုရင် ၊ အလုပ်ရှင်က အလုပ်သမားကို ထွဲဂျစ်ကွမ် (လုပ်သက်ဆုကြေး) ပေးဖို့ တာဝန်ရှိတယ် ။ အဲသည်အတွက် အလုပ်ရှင်က အလုပ်သမားအတွက် ပေးရမယ့် ထွဲဂျစ်ကွမ့် အာမခံလုပ်ထားပေးရပါတယ် ။ အလုပ်သမားရဲ့ လုပ်ခရဲ့ ၁၁ ရာခိုင်နှုန်းကို အာမခံကုမ္ပဏီထံ လစဉ်သွင်းပေးလာရတာ ။ ၁ နှစ်ပြည့် (သို့မဟုတ်) ၁နှစ်နှင့် အထက်အလုပ်လုပ်ပြီး အလုပ်ရုံမှ ပြောင်းလျင်သော်လည်းကောင်း ၊ မြန်မာပြည် ပြန်လျင် သော်လည်းကောင်း အဲသည် ထွဲဂျစ်ကွမ့်ကို အာမခံထားတဲ့ (ဆမ်ဆောင်းမီးအာမခံ)ဌာနထံမှ ပြန်လျှောက် (ပြန်တောင်း) ယူရပါတယ် ။
အမှန်ရသင့်တဲ့ ထွဲဂျစ်ကွမ့်
အဲသည်အာမခံထားတဲ့ ထွဲဂျစ်ကွမ့်ဟာ အလုပ်သမားကရသင့်တဲ့ ကွက်တိ ထွဲဂျစ်ကွမ့်မဟုတ်ပါ ။ ခြားနားမှုရှိနေပါလိမ့်မယ် ။ အဲသည်ခြားနားငွေကို အလုပ်ရှင်ကတွက်ချက်ပေးရမယ်လို့ ဥပဒေက ဆိုထားပါတယ် ။
အလုပ်သမား အမှန်တကယ်ရသင့်တဲ့ ထွဲဂျစ်ကွမ့်က နောက်ဆုံးရက် (၉၀) လစာရဲ့ ပျမ်းမျှငွေကို ၊ လုပ်သက်ကာလ(နှစ်ဖွဲ့ပြီး)နှင့် မြှောက်ပြီး ရတဲ့ အဖြေပါ ။
ပထမပြဿနာ
သည်တော့ ပထမပြဿနာက ၊ အလုပ်ရှင်က ဆမ်ဆောင်းကပေးလိုက်တဲ့ အာမခံငွေ (ထွဲဂျစ်ကွမ့်)ကို ပြန်တောင်းပြီး ၊ ထွဲဂျစ်ကွမ့်ကို သတ်သတ်တွက်ပြီး ပြန်ပေးတယ် လို့ဆိုတယ် ။ တကယ်တော့ သူဌေးက ခြားနားငွေကို အပိုဆောင်းပေးလိုက်ရင်ပြီးမယ့် အစား ရွှေဥာဏ်တော်ကွန့်မြူးပြီး ၊ အားလုံးပြန်ပေး ၊ အကုန်ထပ်ပေးမယ်လုပ်လို့ ကိုရွှေမြန်မာ နားရှုပ်သွားတဲ့ ပြဿနာပါ ။
ဒုတိယပြဿနာ
ဒုတိယပြဿနာကတော့ ၊ ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်ကို ဒါအပြီးပဲ ဆိုပြီး လုပ်ချလိုက်တဲ့သဘောပါပဲ ။ သူဌေးက မသိတာလည်း ဖြစ်ချင်ဖြစ်မယ် ။ ( အချို့သူဌေးများ အမှန်တကယ်မသိရှာကြပါ။) ရူးချင်ယောင်ဆောင်ပြီး ၊ ရမလားလို့ လုပ်ကြည့်တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ခြားနားငွေကို ပြန်တောင်းယူရပါလိမ့်မယ် ။
မပေးဘူး လုပ်နေရင်တော့ သက်ဆိုင်ရာကတစ်ဆင့် တောင်းလို့ရပါလိမ့်မယ် ။ သူဌေးက ဒေဝါလီမခံသေးရင်တော့ ရပါလိမ့်မယ် ။ နောက်ဆုံး ပျမ်းမျှလစာက ၁၇ သိန်းကျော်နေတော့ လုပ်သက်က ၁ နှစ်အပြည့်ဆိုရင် ၄ သိန်း ပတ်ဝန်းကျင် ထပ်ရပါလိမ့်မယ်လို့ တင်ပြလိုက် ရပါတယ် ခင်ဗျာ ။
အားလုံး အဆင်ပြေကြပါစေ -

Read More>>>

အလုပ်ရှင်နှင့်အလုပ်သမား အလုပ်စာချုပ်သက်တမ်း အငြင်းပွါးသည့် ပြဿနာ

အဓိပ္ပါယ် မရှင်းလင်းတဲ့ စာချုပ်လေးကြည့်ပေးပါ
ညီငယ်တစ်ယောက်က သူ့အလုပ်စာချုပ်မိတ္တူ ပေးပို့ပြီး အကြံတောင်းခံလာပါတယ် ။ စာချုပ်သက်တမ်း ပြည့်မပြည့် သူ့သူဌေးနှင့် အငြင်းပွါးနေရလို့ပါတဲ့ ။ သူ့သူဌေးက စက်ရုံဝင်တဲ့နေ့မှ ၁ နှစ်ပြည့်မယ် ။ ၁ နှစ်ပြည့်မှ လုပ်သက်ဆုကြေးရမယ်လို့ ပြောနေတယ် ။ ပြည်ဝင်ရက်နှင့် အလုပ်ဝင်ရက်က ၁၂ ရက်ကွာနေတယ် ။ ဗီဇာသက်တမ်းပဲ ထပ်တိုးရမလား ။ ဗီဇာကုန်ရက်က ချူးဆောက်ပိတ်ရက်အတွင်းဖြစ်နေတယ် ။ ဗီဇာကြိုတိုးလို့ရမလား ။ နောက်ပြီး စာချုပ်မှာပါတဲ့ “ အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား ဆိုက်ရောက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၊ အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည် ။” ဆိုတာ ကျနော် မရှင်းဘူး ။ လစာပေးတဲ့နေ့ဟာ ဆိုက်ရောက်နေ့အဖြစ်ပြောင်းရမယ်ဆိုရင် ၊ ကျနော်တို့ ဆိုက်ရောက်နေ့ဟာ ၁ နှစ်မပြည့်သေးတဲ့သဘော ဖြစ်နေတယ် ။ နောက် “အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည်” လို့လည်း ဆိုထားပြန်တော့ စာချုပ်က ဆိုက်ရောက်နေ့မှာ ၁ နှစ်ပြည့်ရမှာ မဟုတ်ဘူးလား ။ အဲဒါ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေလို့ အကူအညီတောင်းရတာပါတဲ့ ။
အီးပီစာချုပ်ပါ မရှင်းလင်းသော ဘာသာပြန်ချက်
သူ့စာချုပ်ကိုလည်း ဖက်စ်နှင့် ပို့ပေးလိုက်ပါတယ် ။ ကျနော်ယူ ကြည့်လိုက်တော့ ၊ ဒီလိုတွေ့ရတယ် -
အလုပ်စာချုပ်သက်တမ်း
 ------ ခုနှစ် ------------လ ---------ရက် မှစ၍ ------ ခုနှစ် ------------လ ---------ရက် ထိ။
 -------- 년----------월----------일부터-------년------- 월------- 일 까지.
 အလုပ်သင်ကာလ ( ) ပါဝင် ။/(ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှစ၍ ( ) ၁လတာ ၊ ( ) ၂လတာ၊ ( ) ၃လတာ) ။ /( ) မပါဝင် ။
 ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား ဆိုက်ရောက်နေ့အဖြစ် ပြောင်းလဲသတ်မှတ်ကာ ၊ အလုပ်စာချုပ်သက်တမ်းကာလအား ကိုရီးယားသို့ ဆိုက်ရောက်သည့်နေ့မှ စ၍ တစ်နှစ်ဖြစ်သည် ။
 수습기간 ( ) 활용/입국일로부터 ( ) 1개월, ( ) 2개월, ( ) 3개월)/, ( ) 미활용.
 최초 입국자의 경우 근로계약기간의 기산일은 입국일 이며 근로계약기간은 입국일부터 1 연임.
အဲဒီ စာပိုဒ်ကို ကျနော်က ဒီလို ဘာသာပြန်ချင်တယ် ။ “ ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ အလုပ်စာချုပ်သက်တမ်း စတင် တွက်ချက် (အသက်ဝင်) သည့်နေ့သည် ပြည်ဝင်နေ့ဖြစ်ပြီး ၊ အလုပ်စာချုပ်သက်တမ်းမှာ ကိုရီးယားသို့ ဆိုက်ရောက်သည့် နေ့မှ စ၍ ၁ နှစ်ဖြစ်သည် ။”
“근로계약기간의 기산일은” ဆိုတာကို “အလုပ်စာချုပ်မှ လစာငွေပေးသည့်နေ့အား”ဆိုပြီး ဘာသာ ပြန်ထားတာကို တွေ့ရပါတယ် ။ အမှန်က “အလုပ်စာချုပ်သက်တမ်း စတင် တွက်ချက်သည့်နေ့သည်” ဆိုပြီး ပြန်ရမှာပါ ။
ဒီလိုဘာသာပြန်မှ ပိုရှင်းမယ်ထင်တယ်
ကျနော့် သဘောအတိုင်း အဲ ဒီ အလုပ်စာချုပ်ကို ပြန်ပြင်ရေးရရင်တော့ ၊ “ ကိုရီးယားသို့ ပထမဆုံးအကြိမ် လာရောက်သူ ဖြစ်ပါက ၊ ကိုရီးယားသို့ စတင်ရောက်ရှိသည့် နေ့တွင် အလုပ်စာချုပ် စတင် အသက်ဝင်ပြီး ၊ အလုပ်စာချုပ်သက်တမ်းမှာလည်း ကိုရီးယားသို့ ဆိုက်ရောက်သည့် နေ့မှ စ၍ ၁ နှစ်ဖြစ်သည် ။” လို့ ပြင်ပြီး ရေးလိုက်ချင်ပါတယ် ။
စာချုပ်သက်တမ်းသည် ပြည်ဝင်ရက်မှ ၁ နှစ်ပြည့်လျင်ကုန်၏
ဒုတိယ စာပိုဒ်အရ ၊ ကိုရီးယားသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်လာသူများ (ရောက်လာသူများအဖြစ် မှတ်ယူရမည့် သူများ) ဟာ စာချုပ်မှာပါတဲ့ အလုပ်သင်ကာလ “ပါဝင်” ၊ “မပါဝင် ” ကိစ္စ ပြဿနာ မရှိတော့ဘဲ ၊ မည်သို့ပင်ဆိုစေကာမူ အလုပ်စာချုပ်သက်တမ်း ဟာ ပြည်ဝင်ရက်မှာ အသက်ဝင်လာပြီး ၊ စာချုပ်သက်တမ်းကိုလည်း (ပြည်ဝင်ရက်မှ) ၁ နှစ် သတ်မှတ်ထားတာ ကို တွေ့ရပါတယ် ။
အတည်ပြုချက် ယူလိုက်ပါ
စာချုပ်သက်တမ်း ကုန်မကုန် သက်ဆိုင်ရာ အလုပ်သမားရုံး (고용지원센터) မှာ သွားရောက်ပြီး အတည်ပြုချက် ယူလိုက်စေလိုကြောင်း အကြံပြုလိုက်ပါတယ် ။
အလုပ်သမားရုံးက နေပြီး သူ့သူဌေးဆီကို စာတိုလေးရေးပေးလိုက်တယ် ။ ဘာတွေရေးထားမှန်းမသိလို့ ၊ သူဌေးကို မပြရဲသေးဘူးတဲ့ ။ အစ်ကိုကြီး ဘာသာပြန်ပေးပါဦး ဆိုပြီး ၊ ဖက်စ်နှင့်ပို့လိုက်ပါတယ် ။ စာတိုလေးက ဒီလိုပါ -
“ 21일까지 이분이 1년 되는 날인데 20일 까지 일하고 추석때문에, 21 일자로 고용변동 처리 해주시길 바랍니다.
구미 고용센터
김경모”
// ဒီပုဂ္ဂိုလ်ဟာ ၂၁ ရက်နေ့မှာ ၁ နှစ်ပြည့်တဲ့ နေ့ဖြစ်တာမို့ ၊ ၂၀ ရက်နေ့အထိ အလုပ်လုပ်ပြီး ၊ ချူးဆောက် (ပိတ်ရက်) ကြောင့် ၊ ၂၁ ရက်နေ့မှာ အလုပ်ရုံပြောင်းရွှေ့ဖို့ လုပ်ပေးပါလို့ မေတ္တာရပ်ခံပါတယ် ။
ဂုမီ အလုပ်သမား ဆင်တာ
ကင် ကယောင်းမို ”// တဲ့ ဗျ ။
ဒါကြောင့် အီးပီ ညီငယ်များကို အကြံပြုချင်တာက ၊ ကိုယ့်အလုပ်ရှင် ကိုယ့်သူဌေးနှင့် အလုပ်စာချုပ် သက်တမ်း ကိစ္စဖြစ်ဖြစ် ဘာကိစ္စဖြစ်ဖြစ် မရှင်းမရှင်း အငြင်းပွါးရမယ့် ပြဿနာ ပေါ်လာရင် ၊ မိမိတို့နှင့် သက်ဆိုင်ရာ အလုပ်သမားဆင်တာ (고용지원센터) သို့ အရောက်သွားပြီး အတည်ပြုချက် (ဆုံးဖြတ်ချက်) ရယူကြစေလိုကြောင်း အကြံပြုလိုက်ရပါတယ် ။
အားလုံး အဆင်ပြကြပါစေ ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)


Read More>>>

Wednesday, 7 December 2011

အထူးအီးပီစာမေးပွဲ ဘယ်သူတွေ ဖြေဆိုခွင့်ရှိသလဲ

သတင်းအခြေအမြစ် ၊ အညွှန်းတွေထည့်ပေးထားတယ်ဆိုတာ
ကျနော်တင်ပြတဲ့ သတင်း ဆောင်းပါးတော်တော်များများမှာ မူရင်းဘာသာစကားလုံးအချို့(ကိုရီးယား ၊ အင်္ဂလိပ်စသည်များ) ကို ကွင်းနှင့်တွဲပြီး ဖော်ပြပေးထားတယ် ၊ သတင်းအညွှန်းတွေထည့်ပေးထားတယ်ဆိုတာ ၊ မရှင်းမလင်းတာတွေ ရှိရင် ဖြည့်စွက် ဖတ်ရှု ၊ ဆက်လက် လေ့လာပြီး ပိုမိုနားလည်နိုင်ကြစေဖို့ ၊ အမှားတွေ ရှိခဲ့ ပါခဲ့ရင်လည်း ထောက်ပြ ဝေဖန်ပေးနိုင်ကြဖို့ပါ ။ သို့သော် ကျနော်တို့ ရွာသား တော်တော်များများမှာ ကျနော် ဘာသာပြန်တာကိုပဲ အားကိုးအားထားပြုပြီး ၊ မရှင်းလင်းရင် ရည်ညွှန်းသတင်းတွေ ပြန်မဖတ်ကြပဲ ကျနော့်ဆီပဲ ပြန်မေးကြတာကများမယ်လို့ ကျနော်ထင်ပါတယ် ။
တိုပစ် စာမေးပွဲဖြေဖို့လိုမလို
အရင် ကျနော်တင်ပြခဲ့တဲ့ ပို့စ် //အညွှန်း //မှာ အီးပီအက် - တိုပစ် စာမေးပွဲဖြေရန်မလိုဆိုတာ အီးပီ လုပ်သားလောင်းတွေ ဖြေကြရမယ့် ရိုးရိုး စာမေးပွဲစောင့်ပြီး ဖြေဖို့မလိုဘူး လို့ ဆိုလိုရင်းသာဖြစ်ပါတယ် ။ အထူးစာမေးပွဲကိုဖြေကြရပါမယ် ။ စာမေးပွဲရဲ့ အင်္ဂလိပ်လို တရားဝင်အမည်ဟာ (Special EPS-TOPIK for Re-hired Workers) ဖြစ်ပါတယ် ။
၂ကျော့ပြန်အီးပီစနစ်မှာ ဘယ်သူတွေ အကျုံးဝင်သလဲ
အရင် ကျနော်တင်ပြခဲ့တဲ့ ၂ကျော့ပြန်အီးပီလုပ်သားများကိစ္စ မရှင်းမရှင်းဖြစ်သွားကြပုံရပါတယ် ။ သတင်းခေါင်းစဉ်တပ်တာ ၊ ဘာသာပြန်တာ လိုအပ်ချက်ရှိနေတာတွေကြောင့် လို့ ကျနော်ထင်ပါတယ် ။ ၂ကျော့်ပြန်အီးပီဆိုတာ အမှန်တော့ (Re-hired / 재고용) ဆိုတာကို ဘာသာပြန်ထားခြင်းပါ ။ ထပ်မံငှားရမ်းခံရသူလို့ ဘာသာပြန်ရမယ်ထင်ပါတယ် ။ ၂ကျော့ပြန်သာမက ၃ကျော့ပြန်များလည်း ရှိနိုင်မယ်ထင်ပါတယ် ။
အဲဒီစနစ် ဘယ်သူတွေ အကျုံးဝင်သလဲ
ကိုရီးယားအစိုးရက ခွင့်ပြုထားသော ကာလအတွင်း မိမိသဘောဆန္ဒအလျောက်ပြည်တော်ပြန်သွားကြတဲ့ သူတွေ အဲသည်စနစ်မှာ အကျုံးဝင်ပါတယ် ။
သို့သော် ခြွင်းချက်တွေရှိတယ် ။ ဘာတွေလဲဆို -
၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁ ရက် (departures after Jan. 1, 2010) နေ့ဒီဖက်ပိုင်း ကိုရီးယားက ပြန်သွားသူတွေသာ အကျုံးဝင်တယ် ။
E-9-2 ဖြစ်ဖြစ် E-9 ဖြစ်ဖြစ်
သည်လိုဆိုတော့ ၊ ကိုရီးယားမှာ အခုရှိနေကြသေးတဲ့ သူတွေအားလုံး ရွှေအင်အင်အားနှင့် လာသူဖြစ်ဖြစ် ၊ ရွှေအင်းဝနှင့်လာသူဖြစ်ဖြစ် E-9-2 ဖြစ်ဖြစ် E-9 ဖြစ်ဖြစ် အီးပီလုပ်သားသာဖြစ်ခဲ့မယ်ဆိုရင် ၊ ဗီဇာ ရက်လွန်နေထိုင်ခြင်းမရှိပဲ ပြန်ကြဦးမယ့် သူတွေအားလုံး သည်စနစ်သစ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ် ။
နောက် သို့သော် တစ်ခုက ၊ အသက်ကန့်သတ်ချက်ရှိတယ် ။ စာမေးပွဲဖြေဖို့ စာရင်းတင်သွင်းရန် နောက်ဆုံးနေ့ (သက်ဆိုင်ရာက သတ်မှတ် ကြေညာမည့်နေ့) မှာ အသက် ၁၈ နှစ်ထက်မငယ် ၃၉ နှစ်ထက် မကြီးစေရဘူး ။
အဲသည်လို ဆိုထားကြောင်းပါ ။
အားလုံးရွင်လန်း အားရကြပါစေ ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
ရည်ညွှန်း -
- http://www.oec.gov.pk/announcements/returnee.htm
- http://firsttimeinkorea.blogspot.com/2011/11/overview-of-incentive-programs-for.html

Read More>>>

Monday, 5 December 2011

စက်ရုံ အမည်ပြောင်းလိုက်ခြင်းသည် စက်ရုံတစ်ခုပြောင်းရာ ရောက်မရောက်

/အိုင်ဒီကပ်မှာလည်း စက်ရုံအမည်ပြောင်းပြီးပါပြီ/
ခုတလော မေးမြန်းကြတာလေးတွေရှိပါတယ် ။
မေးခွန်းတစ်ခု ကတော့ ၊ အစ်ကို ရောက်တာ ၂ နှစ်မပြည့်သေးဘူး ။ ရုံ ၂ ရုံပြောင်းပြီးပြီ ဆိုတော့ ၁ ရုံပဲပြောင်းခွင့်ကျန်တော့တယ် ။ အခု စက်ရုံက နာမည်ပြောင်းလိုက်တယ် ။ စာချုပ်လည်း အသစ်ပြန်ချုပ်ရတယ် ။
အရင် စာချုပ် (ဟောင်း) ပြည့်ဖို့ ၃ လလောက်လိုသေးတယ် ။ အဲသည် စာချုပ်ပြီးရင် ရုံပြောင်းဖို့စိတ်ကူးထားပါတယ် ။ အိုင်ဒီကပ်ပေးပါဆိုလို့ ပေးလိုက်တယ် ။ အိုင်ဒီကပ်မှာလည်း စက်ရုံ နာမည် ပြောင်းပြီးပါပြီ ။ အခုလိုဖြစ်သွားတော့ ကျနော်ရုံအသစ် ထပ်ပြောင်းလို့ရမရ သိချင်ပါတယ် ။
ကျနော် သိချင်တာလေးတွေ ဖြည့်စွက်ပြီး ပြန်မေးလိုက်တော့ ၊ စာချုပ်အသစ်ဆိုပေမယ့် စာချုပ်အဟောင်းရဲ့ လက်ကျန် သက်တမ်းအတိုင်း ၊ ချုပ်ပေးသတဲ့ ။ တော်သေးပေါ့ ။
/မေးပါများစကားရ/
ကျနော်လည်း မရှင်းမရှင်းဖြစ်နေလို့ ၊ သိသော တတ်သော ပုဂ္ဂိုလ်များထံ ထပ်ဆင့်မေးမြန်းရပါတယ် ။ အဖြေက သည်လိုပါတဲ့ခင်ဗျာ ။
အလုပ်ရုံ /စက်ရုံ /ကုမ္ပဏီ အမည်ပြောင်းလိုက်ခြင်းသည် အလုပ်ရုံ / စက်ရုံ / ကုမ္ပဏီ အသစ်တစ်ခုသို့ ပြောင်းရွှေ့ရာ ရောက်ပါတယ် တဲ့ ။
သို့သော် ၊
သို့သော် ရုံအသစ်ပြောင်းရခြင်းဟာ မိမိရဲ့ အမှား ၊ မိမိရဲ့ ဆန္ဒအရ ပြောင်းရခြင်းမဟုတ်တဲ့အတွက် ၊ အလုပ်ရုံ / စက်ရုံ / ကုမ္ပဏီရဲ့ လိုအပ်ချက်အရ ပြောင်းရွှေ့ပေးရခြင်းဖြစ်တဲ့အတွက် ၊ ရုံပြောင်းခွင့် တော့ မဆုံးရှုံးဘူးလို့ဆိုပါတယ် ။
အလုပ်ရုံ / စက်ရုံ / ကုမ္ပဏီ ပြောင်းရွှေခြင်းနှင့်ပတ်သက်ပြီး (//သည်နေရာမှာ ကလစ်ပြီး အသေးစိတ်//) လေ့လာထားကြစေချင်ပါတယ် ။
/ပြောင်းခွင့်ရမရကိစ္စသည်……/
စာချုပ် (အဟောင်း) ပြည့်ရင် အလုပ်ရုံ / စက်ရုံ / ကုမ္ပဏီ ပြောင်းခွင့် ရမရဆိုတာကတော့ ၊ နောက် အသစ်ထပ်ချုပ်တဲ့ က အဓိကကျပါလိမ့်မယ် ။ နောက်စာချုပ်(အသစ်)က စာချုပ်အဟောင်းကို လွမ်းမိုးသွားပြီး ၊ အသစ် ထပ်ချုပ်တဲ့ အလုပ်စာချုပ်ရဲ့ သက်တမ်းအတိုင်း ၊ (ဗီဇာရခဲ့မည်ဆိုလျင်) အဲသည်ရုံမှာ အလုပ်လုပ်ပေးဖို့ တာဝန်ရှိနေမှာမို့ ဖြစ်ပါတယ် ။
စာချုပ်အသစ်ကို စာချုပ်ဟောင်း (လက်ကျန်သက်တမ်း) ရက်စွဲအတိုင်း လုပ်ပေးထားပါတယ်ဆိုလို့ ၊ စာချုပ်ကုန်ရင် ပြောင်းခွင့်ရပါလိမ့်မယ် ။ စာချုပ်သက်တမ်းမကုန်မှီ ၁ လကြိုတင်ပြီး ၊ နောက်ထပ် စာချုပ်အသစ်ထပ်ချုပ်ရမှာမို့ စာချုပ်အသစ် ထပ်ချုပ်ဖို့ (အလုပ်ရှင်က ပြောလာလျင်) ငြင်းဆိုရပါလိမ့်မယ် ။
အဆင်ပြေကြပါစေကြောင်း ဆုတောင်းပါတယ် ။
လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

Read More>>>

အီး-၉ လုပ်သားများ အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာ ဒဿနများ အဖွင့်ကျမ်း

(တစ်)
ပေးစာ တစ်စောင်က သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် -
ကိုဝိုင်းခင်ဗျား......
အခုတလော လူအများသိချင်နေတဲ့ ကိစ္စတခု ကိုဝိုင်းများသိရင် ဟန်းဂုရွာမှာ ဆောင်းပါးတင်ပေးပါလို့ အကူအညီတောင်းချင်တာပါခင်ဗျား....
ကျွန်တော်တို့ eps နဲ့လာတဲ့သူတွေ ၁ နှစ်ပြည့်ရင် ပြောင်းချင်တဲ့သူတွေ အများကြီး ရှိပါတယ်ခင်ဗျား ၊ ဒါပေမယ့်.....အလုပ်ပြောင်းမယ်ဆိုရင် ၊ ဘယ်လိုလုပ်ရမယ် ဆိုတာ ရုံးလုပ်ငန်းစဉ် အဆင့်ဆင့်ကို တိတိကျကျ သိပ်မသိကြပါဘူးခင်ဗျား.... တချို့ကပြောတော့ တနှစ်မပြည့်ခင်မှာ သက်တမ်းမကုန်ခင် ၊ လ.၀.က ရုံးသွားပြီးတော့ နောက်ထပ် အလုပ်ရှာခွင့် ၃လ နေထိုင်ခွင့် ကြိုတင် သွားယူထားရတယ်လို့ ပြောပါတယ်.....တချို့ကပြောတော့လည်း သက်တမ်းမကုန်ခင် 고용지원센터 လို့ခေါ်တဲ့ အလုပ်သမားကူညီရေးရုံးမှာ ကြိုတင်အကြောင်းကြား ထားရတယ်လို့လည်း ပြောတယ် ။ တချို့ပြောတာကတော့ ဒီလိုပဲ ၁ နှစ်ပြည့်အောင်လုပ်ပြီး ၊ နောက်တရက် အလုပ်ကထွက်တာနဲ့ သူဌေးက ကိုယ့်ရဲ့အလုပ်ထွက်စာကို အလုပ်သမား ကူညီရေးစင်တာကို ဖက်စ်နဲ့ပို့လိုက်မယ် ၊ ကိုယ်က အဲဒီ့ရုံးမှာ ထွက်စာသွားယူရင် ၊ ရုံးက အလုပ်ထွက်စာရယ် ၊ ၃လ နေထိုင်ခွင့်ရယ်၊ အလုပ်သမားလိုတဲ့ စက်ရုံလိပ်စာတွေရယ် ၊ ပေးလိမ့်မယ်လို့ ပြောပါတယ်.....
အဲဒါတွေကဘယ်ဟာမှန်လဲဆိုတာ တိတိကျကျမသိကြလို့ ၊ ကိုဝိုင်းများသိရင် သို့မဟုတ် သိတဲ့လူများရှိရင် မေးမြန်းပြီး ဆောင်းပါးတင်ပေးပါလို့ ၊ အကူအညီတောင်းတာပါ ခင်ဗျား.....
ကျေးဇူးတင်ပါတယ်ခင်ဗျား...
<<< ဆက်ဖတ်ရန်……

Read More>>>

Saturday, 3 December 2011

မြန်မာအီးပီလုပ်သားများ သိထားသင့်သော လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ

မြန်မာ အီးပီကိုကိုက တရားလိုလုပ်ပြီးတိုင်ခဲ့တာပါ
လွန်ခဲ့တဲ့ ရက်သတ္တပတ်က ရဲတစ်ယောက်က အကူအညီတောင်းလို့ ရဲစခန်း တစ်ခုမှာ စကားပြန်လုပ်ပေးခဲ့ရပါတယ် ။ အမှုကတော့ မြန်မာ အီးပီအလုပ်သမားတစ်ယောက် မတရားအလုပ်ခံရတဲ့အမှုပါ ။ မြန်မာက တရားလိုလုပ်ပြီး တိုင်ခဲ့တဲ့အမှုပါ ။ အဲသည်အမှု ကျနော်တို့ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေသိထားသင့်တယ်ထင်လို့ ဒီဆောင်းပါးကိုရေးဖြစ်ပါတယ် ။
အမှုကတော့ တည်းခိုခန်းသွားပြီး ၊ ပြည့်တန်ဆာနှင့် ပျော်ပါးခဲ့ရာမှာ ၊ အလိုမပြည့်မြောက်ဘဲ ၊ ပြန်လာခဲ့ရာတာကို မကျေနပ်လို့ တိုင်ကြားခဲ့တဲ့အမှုပါ ။

ဖြစ်ပုံက သည်လိုတဲ့ခင်ဗျ ။
ရဲ (မေး) ။ ဒီနေရာကို ဘာဖြစ်လို့ရောက်နေတယ် ဆိုတာ သိပါသလား ။
အီးပီ (ဖြေ) ။ သိပါတယ်။
ရဲ (မေး) ။ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) အရ တိုင်တန်းချက်ရှိလို့ ရောက်နေတယ်ဆိုတာကို သိပါသလား ။
အီးပီ(ဖြေ)။ သိပါတယ် ။

မေးဖြေမလား ၊ ရှေ့နေခေါ်ဦးမလား
အဲသည်နောက် အမှုစစ်ရဲအရာရှိက ရဲလက်စွဲအတိုင်း ရှင်းပြပါတယ် ။ အမှန်အတိုင်းပြောဖို့ တာဝန်ရှိကြောင်း ၊ သို့ရာတွင် စစ်ဆေးမေးမြန်းချက်များကို မပြောဘဲနေ၍လည်း ရကြောင်း ၊ ထွက်ဆိုချက်များအရ ဥပဒေနှင့် ညှိစွန်းနေပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၊ မေးမြန်းချက်များကို စကားပြန်ဖြင့် မေးမြန်းမည်ဖြစ်ကြောင်း ၊ ရှေ့နေခေါ်လိုက ခေါ်နိုင်ကြောင်း ပေါ့ခင်ဗျာ ။
သာမန် အစစ်ခံ ၊ ထွက်ဆိုချက်ပေးမည်ဖြစ်ကြောင်း ၊ ရှေ့နေမခေါ်လိုကြောင်း မှတ်တမ်းတင်ပါတယ် ။

ကိုယ့်အဖြစ် ကိုယ်မှတ်မိပါသလား
အဲသည်ညက အရက်သောက်ထားပါသလား ။
အဲသည်ညက အဖြစ်အပျက်တွေကို မှတ်မိပါသလား ။
အရက်သောက်ထားသော်လည်း ပုံမှန်သာ သောက်ထားခြင်းဖြစ်သည့်အတွက် အသေအခြာ မှတ်မိပါတယ် ။
အဲသည်ညက ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါ ။
အဲ သည်ညနေ ၊ သူငယ်ချင်းများနှင့် အရက်သောက်ကြပါတယ် ။ နောက် အရက်ဝိုင်းမှာ ပြောကြရင်း ၊ ဒီနားက တည်းခိုခန်းမှာ အမျိုးသမီးခေါ်ပြီး ပျော်ပါးလို့လို့ရကြောင်း သိရပါတယ် ။ သူငယ်ချင်းက လိုက်ပို့လို့ ၊ တည်းခိုခန်းကိုရောက်ပါတယ် ။ တည်းခိုခန်းပိုင်ရှင်က အမျိုးသမီးပါ ။ ဝင်ဝင်ချင်း အမျိုးသမီးရသလားလို့ မေးတော့ ရတယ် ။ ၃ သောင်းပေးရမယ် ။ မိနစ် ၂၀ လောက်စောင့်ရမယ်ပြောပြီး ၊ အခန်းတစ်ခန်းကို လိုက်ပို့ပါတယ် ။ မိနစ် ၂၀ လောက်ကြာတော့ ၊ အမျိုးသမီး တစ်ဦးရောက်လာပါတယ် ။ အရပ်ဘယ်လောက် ၊ အသက်ဘယ်လောက် ၊ အပေါ် အောက် ဘာညာ ဝတ်ထားပါတယ် ။
ရောက်ရောက်ချင်း ဘာညာစသည်ဖြင့် ၊ အစဉ်အတိုင်း မလစ်ဟာရအောင် ၊ ကွက်ကွက်ကွင်းကွင်း ဖြစ်အောင် မှတ်တမ်းတင်ပါတယ် ။

လိမ်ပြောပေးပါငါ့မောင်ရယ်
ပြဿနာက ဘာဖြစ်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်နှင့် ကွဲလွဲနေတဲ့ ပြဿနာ ။
ဘယ်ဟာမှန်သလဲဆိုတော့ ၊ မူလထွက်ဆိုချက်က မှန်ပါသတဲ့ ။
အခုဘာလို့ ပထမထွက်ဆိုချက်နှင့် ကွဲလွဲပြီးထွက်ဆိုရပါသလဲဆိုတော့ ။
မိုတယ်ပိုင်ရှင် အဖွားကြီးက သည်အတိုင်းပြောခိုင်းလို့ပါတဲ့ ။
ဇာတ်လမ်းက အခုမှစတာဗျို့ ။
အဖွားကြီး ကဘာပြောခိုင်းထားသလဲဆိုတော့ ၊ အမျိုးသမီးလာပါတယ် ။ ကျနော်က မူးနေလို့ ၊ အမျိုးသမီးနှင့် မပျော်ပါးလိုက်ရဘူး ။ ဒီအတိုင်းပြန်သွားပါတယ် လို့ပြောပေးပို့ ပြောခိုင်းထားသတဲ့ ဗျ ။

ဇွတ်ပြန်သွားတဲ့သူ ၊ ငါ့ပိုက်ဆန်ပြန်ပေးပါ
သူက အဲသလို ဘယ်ပြောချင်ပါ့မလဲ ။ အမှုက အမျိုးသမီးက ကိစ္စမပြီးမြောက်မှီ ၊ ကြာလို့ အချိန်စေ့ပြီ ဆိုပြီး ပြန်သွားတဲ့အတွက် ၊ အဲသည်အမျိုးသမီးဆီက ပိုက်ဆံပြန်ရချင်လို့ တိုင်ထားတဲ့အမှု ။
သည်တော့ သေခြာအောင်ရဲက ထပ်မေးပါတယ် ။
လိင်ဆက်ဆံမှု ပြုခဲ့သလား ၊ မပြုဘူးလား ။
ပြုခဲ့ပါတယ် ။ ဘယ်လောက်ကြာပါတယ် ။ ကိစ္စမပြီးမှီ အမျိုးသမီးက တော်ပြီ ၊ အချိန်စေ့ပြီ ၊ ထပ်လုပ်ချင်ရင် ပိုက်ဆံထပ်ပေး ၊ ပိုက်ဆံ အပို ထပ်မပေးရင် ပြန်မယ် ဆိုပြီး ၊ ဇွတ်ပြန်သွားသတဲ့ ။ အဲသည်မှာ ကိုကိုအီးပီ ကလည်း ဒီလိုလုပ်လို့ဘယ်ရမလဲ ၊ ငါ့ပိုက်ဆန်ပြန်ပေးဆိုပြီး ပြန်တောင်း ။ ဟိုကလည်း ပြန်မပေးနိုင်ဘူး ။ သူ့တာဝန်ကျေပြီဆိုပြီး ဖြစ် ။ အဲသည်လိုနှင့် ရဲစခန်းရောက်ကြတာ တဲ့ ။

တရားခံဖြစ်သွားသော တရားလိုအီးပီကိုကို
နောက် ရဲက ထပ်မေးတယ် ။ လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ
(성매매 알선 및 행위자 처벌에 관한 법률) အရ မင်းမှာ အပြစ်ရှိတယ်ဆိုတာ သိပါသလား ။
ဟာ ၊ ဒုက္ခပဲအစ်ကို ကျနော်မသိဘူး ။ ကျနော်ဘယ်လိုပြောရမလဲ ။
ဟာညီလေး ၊ ဥပဒေကို မသိဘူးလို့ဆိုပြီး ငြင်းလို့မရဘူး ။ မသိလို့ ကျူးလွန်ရပါတယ်ဆိုလဲ ၊ အပြစ်က မလွတ်ဘူး ညီလေး ။ အေးကွာ ၊ ရှုပ်ကုန်ပြီ ။ မင်းကအဖြစ်မှန်ကို စောစာက ပြောထားလည်း ကြိုပြီး ညှိလို့ရဦးမယ် ။ အခုတော့ရှုပ်ကုန်ပြီ ။
မထူးဘူးကွာ ရဲနှင့်တိုင်ပင်ကြမယ် ။

(ဒီလိုနှင့် ရဲနှင့်တိုင်ပင်ကြပါတယ် ။ ရဲက ၊ ဟာ ဒီလိုလုပ်လို့မရဘူး ၊ တဲ့ ။ အခုလိုတိုင်ပင်တာကိုပဲ ပြစ်မှုမြောက်နေပြန်ပြီတဲ့ ။ သေရော့။ မိအေး ၂ခါနာဆိုတာ အဲတာမျိုးခေါ်မှာပေါ့နော် ။ )

ဥပဒေက ဒီလိုရှိပါတယ်
ဟုတ်ကဲ့ ကိုရီးယားနိုင်ငံမှာ ၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ၊ လိင်အရောင်းအဝယ်ဆိုင်ရာ အထူးဥပဒေ (성매매 특별법) (2004. 3. 22, 법률 제7196호) ဆိုတာရှိပါတယ် ။ အဲဒီအထူးဥပဒေကို -
• လိင်အရောင်းအဝယ် ကာကွယ်ရေးနှင့် လိင်အရောင်းအဝယ်ခံရသူများစောင့်ရှောက်ရေးဆိုင်ရာဥပဒေ (성매매 방지 및 피해자 보호등에 관한 법률) နှင့်
• လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) ဆိုပြီး ဥပဒေ ၂ မျိုးခွဲခြားနိုင်ပါတယ် ။

ရောင်းသူဝယ်သူ အတူတူ
လိင်ရောင်းဝယ်ရန် ကြော်ငြာခြင်း အစရှိသည်တို့အတွက် အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성매매 알선 및 행위자 처벌에 관한 법률) မှာ လိင်အရောင်းအဝယ်ဆိုတာကို ပုဒ်မ (၂) ပုဒ်မခွဲ (၁) မှာ သည်လိုအဓိပ္ပါယ်ဖွင့်ထားပါတယ် ။
လိင်အရောင်းအဝယ်ဆိုသည်မှာ ၊ သာမန်တစ်ဦးတစ်ယောက်အား အဖိုးတန်ပစ္စည်းဖြစ်စေ ထို့ပြင် အမြတ်အစွန်း အကျိုးအမြတ်အတွက် လာဘ်လာဘ သို့မဟုတ် လာဘ်လာဘ ပေးမည်ဟု ကတိကဝတ်ပြုပြီး ၊ အောက်ဖော်ပြပါ အပြုအမူများအနက် တစ်ခုခုကို ပြုမူလျင် ဖြစ်စေ ၊ ထိုသို့ပြုမူခံရလျင် ဖြစ်စေ ဆိုလိုခြင်းဖြစ်သည် -
- (က) လိင်ဆက်ဆံခြင်း
- (ခ) ပါးစပ် ၊ စအို အစရှိသည့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်း တစ်ခုခု သို့တည်းမဟုတ် ကိရိယာကို အသုံးပြုပြီး
လိင်ဆက်ဆံခြင်း
/제2조(정의) ① 이 법에서 사용하는 용어의 뜻은 다음과 같다.
1. "성매매"란 불특정인을 상대로 금품이나 그 밖의 재산상의 이익을 수수 (收受) 하거나 수수하기로 약속하고 다음 각 목의 어느 하나에 해당하는 행위를 하거나 그 상대방이 되는 것을 말한다.
- 가. 성교행위
- 나. 구강, 항문 등 신체의 일부 또는 도구를 이용한 유사 성교행위/
ပြစ်ဒဏ်များကိုတော့ ပုဒ်မ (၂၁) ပုဒ်မခွဲ (၁) မှာ ပြဋ္ဌာန်းထားပါတယ် ။
- လိင်အရောင်းအဝယ်ပြုသူသည် (၁) နှစ်အောက်ထောင်ဒဏ် သို့မဟုတ် ဝမ် သိန်း (၃၀) အောက် ဒဏ်ငွေ ၊ စီရင်ခြင်း သို့မဟတ် တပ်ရိုက်ခြင်း ခံရမည် ။
/제21조(벌칙) ① 성매매를 한 사람은 1년 이하의 징역이나 300만원 이하의 벌금•구류 또는 과료(科料)에 처한다./
ဟုတ်ကဲ့ ၊ ကိုကိုအီးပီ မိတ်ဆွေများ ခင်ဗျာ ။
မိမိက တရားလိုအဖြစ် တိုင်ကြားမည့်အမှုအတွက် မိမိသည် အပြစ်ကင်းသူ ဖြစ်ဖို့လိုမည်ဟု ယူဆပါကြောင်း ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

Read More>>>

Friday, 2 December 2011

မြန်မာအမျိုးသမီးလုပ်သားရာချီ တစ်စုတစ်ဝေးတည်း အလုပ်ခန့်နိုင်မှသာ တောင်ကိုရီးယားသို့စေလွှတ်မည်

ရန်ကုန် ၊ နိုဝင်္ဘာ ၂၄ ။
မြန်မာအမျိုးသမီး လုပ်သားရာချီ စက်ရုံတစ်ခုတည်းတွင် တစ်စုတစ်ဝေးတည်း အလုပ်ခေါ်ယူခန့်ထားနိုင်သော စက်ရုံ အလုပ်ရုံများ ရှိမှသာလျှင် မြန်မာအမျိုးသမီးအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်နိုင် မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည် ။ ''လုပ်ငန်းတစ်ခုတည်းမှာ အလုပ်သမားရာချီစုပြီး လုပ်ရဖို့ဆိုတာက ဒီဘက်က လိုချင်တာပဲရှိသေးတယ် ။ တကယ်ဖြစ်နိုင် မဖြစ်နိုင် စောင့်ကြည့်ဖို့တော့လိုမယ် ။ အဲဒါဖြစ်လာမှ တောင်ကိုရီးယားကို အမျိုးသမီးအလုပ်သမားတွေ စေလွှတ်နိုင်မယ်'' ဟု ၄င်းကဆိုသည်။
ယခုလက်ရှိအခြေအနေတွင်မူမြန်မာအမျိုးသမီးလုပ်သား စေလွှတ်နိုင်သော အနေအထားမရှိသေးကြောင်း၊ တောင်ကိုရီးယား နိုင်ငံဘက်ကလည်း မြန်မာအမျိုးသမီး အလုပ်သမား ရာချီခေါ်ယူနိုင်သော အခြေအနေမရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည် ။
'' အခုလွှတ်ရင် လုပ်ငန်းတစ်ခုကို အမျိုးသမီးအလုပ်သမား တစ်ယောက်စ နှစ်ယောက်စလောက်ပဲ လွှတ်လို့ ရသေးတော့ လွှတ်ဖို့အားမရှိသေးဘူး'' ဟုအထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
ယခုလက်ရှိ ပြည်ပအလုပ်အကိုင်ဈေးကွက်တွင် မြန်မာအမျိုးသမီးအများစု သွားရောက် လုပ်ကိုင်လျက်ရှိကြသော မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှာ အကျိုးခံစားခွင့် နည်းပါးခြင်း ၊ လုံခြုံမှု နည်းပါးခြင်း၊ ဝန်ဆောင်ခ စရိတ်ကြီးမားခြင်း တို့ကြောင့် မြန်မာအမျိုးသမီးအများစု မသွားလိုကြဘဲ အကျိုးခံစားခွင့်ကောင်းသော တောင်ကိုရီးယားအလုပ်အကိုင်ကို စိတ်ဝင်စားလျက်ရှိကြသည် ။
''မလေးရှားတို့၊ ထိုင်းတို့ဆိုရင်လည်း သွားလုပ်ဖို့ အခြေအနေမကောင်းဘူး ။ ကိုရီးယား သွားခွင့်ရရင်တော့ သွားမယ် ။ မသွားရရင်တော့ ပြည်တွင်းမှာပဲလုပ်မယ်''ဟု စမ်းချောင်းမြို့နယ်ရှိပုဂ္ဂလိက အဆင့်မြင့် ဆေးခန်းတစ်ခုတွင် လုပ်ကိုင်နေသူ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ တောင်ကိုရီးယားနိုင်ငံသို့ ဂျီ တူ ဂျီ စနစ်ဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံက ဝင်ရောက်လုပ်ကိုင်လျက်ရှိကြပြီး မြန်မာနိုင်ငံမှအပကျန် ၁၄ နိုင်ငံမှ အမျိုးသမီးအလုပ်သမားများကို တရားဝင်ခေါ်ယူလျက်ရှိကာ မြန်မာနိုင်ငံက ကမ်းလှမ်းပါက လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကို စက်တင်ဘာလအတွင်း လာရောက်ခဲ့သည့် ကိုရီးယား လူ့စွမ်းအားအရင်းအမြစ်ဌာန ညွှန်ကြားရေးမှူး လင်ဂယောင်ရှစ် က ပြောကြားသည်။
ယခုလက်ရှိ အမျိုးသမီးအလုပ်သမားများကို ဂျီ တူ ဂျီ စနစ်ဖြင့် ထိုင်းနိုင်ငံတစ်နိုင်ငံတည်းကိုသာ တရားဝင်စေလွှတ်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည် ။
သတင်းအခြအမြစ် -
- Voice Weekly (7/51)

Read More>>>