Friday, 29 April 2011

အလုပ်ပြောင်းမည့် အီးနိုင်းကိုကိုများ အလုပ်ထောက်ပံ့ရေးဌာနသို့ အချိန်မှီ သတင်းပို့ရန် လိုပါသည်

မနေ့ မနက်ပိုင်းက အီးနိုင်း ကိုကိုတစ်ယောက် ဖုန်းဆက်ပြီး အကူအညီတောင်းပါတယ် ။ အကြောင်းက သူ မြန်မာပြည်ကို ခွင့်ပြန်သွားတယ် ။ ဟိုမှာ ၃ လ နေခဲ့တယ် ။ ပြန်လာပြီး အလုပ်ထောက်ပံ့ရေးဌာန (고용 지원센터) သွားတော့ ဟိုက လက်မခံဘူး ။ မောင်းထုတ်လိုက်သတဲ့ ။ မြန်မာပြည်ပြန်တော့လို့ ပြောသတဲ့ ။ သူဘာဆက်လုပ်ရမယ်ဆိုတာ မသိလို့ အကြံညာဏ် တောင်းခံရခြင်း ဖြစ်ပါသတဲ့ ။

မေးကြည့်တော့ ၊ ဗီဇာက ၁ နှစ်ကျော်ကျော်ရှိသေးတယ် ။ အလုပ်ရှင်က စာချုပ်သက်တမ်း ၂ နှစ်ချုပ်ပြီး ဗီဇာ ကိုလည်း ၂ နှစ်တောင် တိုးထားပေးတာပါ ။ မြန်မာပြည် ခဏပြန်ဖို့ ခွင့်တောင်းတော့ သူဌေးက ခွင့်မပေးလို့ ၊ အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး အလုပ်က ထွက်ခွင့်ရသွားတာ ။ ထွက်ခွင့်ရပြီး ၊ မြန်မာပြည် ခဏ ပြန်လည်သတဲ့ ။ ဟိုမှာ ရက် ၉၀ ။
ညဖက်ပိုင်း ရောက်တော့ နောက်တစ်ယောက် လာပြန်တယ် ။ သူလည်း ခွင့်ပြန်မလို့ ။ အားလုံးစီစဉ်ပြီးပါပြီတဲ့ ။ ဒီနေ့ ပြန်မလို့ပေါ့ ။ လေယာဉ်လက်မှတ် အိုကေ လုပ်ပြီးပြီတဲ့ ။ သူဘာတွေ လုပ်ဖို့လိုမလဲလို့ ဆိုပြီး မေးတဲ့သဘောပါ ။ အလုပ်ရှင်ရဲ့ ခွင့်ပြုချက်ရသလားလို့ မေးကြည့်တော့ ၊ အလည် ခွင့်မပေးလို့ ထွက်ခွင့်တောင်းလိုက်တယ်တဲ့ ။ ထွက်စာရထား ပါတယ်တဲ့ ။

ဒီနေ့ ညနေပိုင်း ၊ နောက် ၁ ယောက်ကတော့ တစ်မျိုးပါ ။ သူက စာချုပ် နှစ်ပြည့်ပြီး ၊ အလုပ်ပြောင်းမလို့ ထွက်ထားတဲ့သူ ။ ကိုယ့်အစီအစဉ်နှင့်ကိုယ် အလုပ်ရှာနေပါသတဲ့ ။ အလုပ်မရှိ နေစရာ ထိုင်စရာလည်း အဆင်သင့်ဆိုတော့ တော်တော် အဆင်ပြေနေပုံရပါတယ် ။ အခု ၁ လကျော် ကြာနေပြီတဲ့ ။ လူဝင်မှုကြီးကြပ်ရေးရုံးသွားသတင်းပို့တော့ ဗီဇာ ၃ လရထားပါသတဲ့ ။ သူများတွေပြောလို့ ဒီနေ့ အလုပ်ထောက်ပံ့ရေးဌာန (고용 지원센터) ကိုသွားပြီး အလုပ်စုံစမ်းဖို့သွားသတဲ့ ။ ဟိုရောက်တော့ လိုအပ်သည်များ မေးမြန်းတယ်ထင်ပါတယ် ။ အလုပ်ထွက်ထားတာ ၁ လကျော်ဖြစ်နေတော့ အလုပ်ရှာပေးလို့ မရတော့ဘူးလို့ ပြောလွတ်လိုက်သတဲ့ ။ အခုမှ ဘာလုပ်ရမှန်း မသိလို့ မေးတဲ့ သဘောပါ ။

အဲသည် ပြဿနာတွေနှင့် ပတ်သက်ပြီး ၊ မှတ်ချင် သိချင်သူများရှိလျင် သိရှိ မှတ်သားနိုင်ကြစေဖို့ ကျနော် ကြိုးစားပြီး ၊ တင်ပြပါ့မယ် ။

ကိုရီးယား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၂၁ မှာ ၊ နိုင်ငံခြားသား အလုပ်သမား ဖြစ်ပါက အလုပ်ရှင်နှင့်အလုပ်စာချုပ်ဖျက်သိမ်းခြင်း စသည့် အလုပ်နေရာ ပြောင်းရွှေ့ရခြင်းအကြောင်း (ပုဒ်မ-၂၅) ရှိလာပါက ၊ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်ထောက်ပံ့ရေးဌာနတွင် အလုပ်နေရာပြောင်းရွှေ့လိုကြောင်း လျှောက်ထားပြီး ခွင့်ပြုချက်ရပါက အခြားသော အလုပ်နေရာသို့ ပြောင်းရွှေ့နိုင်သည် လို့ ပြဋ္ဌာန်းထားပါတယ် ။



နောက် ၊ နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းအစရှိသည်များဆိုင်ရာဥပဒေ ပုဒ်မ ၂၅ ၊ ပုဒ်မခွဲ ၁ နှင့် ၃ ၊ နိုင်ငံခြားအလုပ်သမားငှားရမ်းခြင်းအစရှိသည်များဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၃၀ ပုဒ်မခွဲ ၁ တို့အရ အလုပ်စာချုပ်သက်တမ်း ကုန်ဆုံးပြီး သို့မဟုတ် အလုပ်စာချုပ်ကို ဖျက်သိမ်းပြီး ပါက အလုပ်မရှိသူဖြစ်ကြောင်း သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁ လ အတွင်း သတင်းပို့ပြီး အလုပ်ရှာဖွေသူ (구직자) အဖြစ် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ် ။

အထက်မှာ ဖော်ပြခဲ့တဲ့ ညီငယ် အီးနိုင်းကိုကို ၃ ယောက်စလုံးမှာ တူညီတဲ့ အမှားတစ်ခု ရှိနေပါတယ် ။ သူတို့ သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁လ အတွင်း သတင်းပို့ရန် ပျက်ကွက်နေကြခြင်းပါ ။

အဲသည် ပျက်ကွက်မှုများအတွက် ကုစားရန် ဆေးမရှိသေးဘူး လို့ထင်ပါတယ် ။ ညီငယ်တစ်စု အသိ တစ်ခု လစ်ဟာမှုကြောင့် ဘဝနှင့်ရင်းပြီး ရထားတဲ့ အတွေ့အကြုံ အဖြစ်အပျက်ကလေးကို နှောင်းညီငယ်တို့ မှတ်သားထားကြနိုင်ဖို့ တင်ပြလိုက်ရပါတယ် ။

အလုပ်ပြောင်းမည် ဆိုလျင် သက်ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနသို့ ၁ လအတွင်း သတင်းပိုရန် မမေ့ပါနှင့် ။

ကျေးဇူးတင်ပါတယ် ။

လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၁-၀၄-၂၉

Read More>>>

Sunday, 10 April 2011

တရားဝင်ဗီဇာ ရှိသူတွေ ဘာကြောင့်အဖမ်းခံရသလဲ

မြန်မာ ၂ ယောက် အဖမ်းခံရသတဲ့
ခုတလော တရားဝင်အီး-နိုင်းဗီဇာ ရှိနေသူ မြန်မာအလုပ်သမား ၂ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အဖမ်းခံသွားကြရပါတယ် ။ ဒီသတင်း မေးကြမြန်းကြ သိချင်ကြသူတွေ တော်တော်များနေပုံလည်းရပါတယ် ။ စာရေးဖို့တိုက်တွန်းကြသူတွေလည်း တထောကြီးပါပဲ ။
မေးကြမြန်းကြ တာတွေ ငြင်းကြခုန်ကြတာတွေကတော့ -
- တရားဝင်ဗီဇာနှင့်နေတာ ဘာကြောင့်အဖမ်းခံရတာလဲ ။
- ကိုရီးယား ၂ ကျော့ပြန် (၂-က) ဆိုရင်ဖမ်းသလား ။
- တိုင်တဲ့လူရှိလို့ အဖမ်းခံရတာလား ။
- နာမည်ပြောင်းလာရင်ဖမ်းသလား ။
စသည်ဖြင့် အမျိုးအမျိုးပါပဲ ။ ကြိုးစားပြီး တင်ပြပါ့မယ်။

e-passport တွေ ရပြီဗျို့
အခု ကျနော်တို့မြန်မာအပါအဝင် နိုင်ငံအားလုံးလိုလိုမှာ နိုင်ငံကူးလက်မှတ်တွေကို စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ် (Machine Readable Passport: MRP) စနစ်ကိုပြောင်းပြီးကြပါပြီ။ အီးပတ်စပို့ (e-passport) ဆိုပြီးခေါ်ကြ ပြောကြ ရေးကြတာတွေလည်း ရှိပါတယ် ။ အဲသည် စနစ်ဟာ စကင်ပုံများ ၊ လက်ရေး လက်မှတ် ၊ ပုံနှိပ်စာသားစတဲ့ အချက်အလက်တွေကို စက်ကဖတ်လို့ရတဲ့ အချက်အလက်များအဖြစ် ဘာသာပြန် ပြောင်းလဲပေးတဲ့ စနစ် (Optical character recognition, OCR is the mechanical or electronic translation of scanned images of handwritten, typewritten or printed text into machine-encoded text) လို့ဆိုပါတယ် ။ အဲသည် OCR စနစ်မှာ သင်္ကေတ ၄၄ လုံးရှိတဲ့ စက်ကဖတ်လို့ရတဲ့ နေရာ (machine readable zone: MRZ) တစ်ခုရှိနေပြီး အဲသည်သင်္ကေတများဟာ အင်္ဂလိပ်အက္ခရာ နှင့် ဂဏန်းများသာ ဖြစ်တယ်လို့ ဆိုပါတယ် ။

၅ နှစ်အတွင်း ပြန်မလာရဘူးတဲ့
ကျနော်တို့ မြန်မာနိုင်ငံသား တစ်ချို့ ကိုရီးယားကိုရောက်လာ ၊ အကြောင်းအမျိုးမျိုးးကြောင့် ရက်လွန်နေထိုင် (Over-stay) သူ ဖြစ်သွားကြပြီး ကိုရီးယားက ပြန်ထွက်သွားကြတာတွေရှိပါတယ် ။ အချို့ အဖမ်းခံရပြီး ပြည်နှင်မိန့်နှင့် ထွက်သွားရတာမျိုးရှိသလို ၊ အချို့ ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ အချို့ကတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့် (Penalty Free) ပေးတဲ့အချိန်ပြန်သွားကြတာတွေလည်း ရှိပါတယ် ။ (ပင်နယ်လ်တီပေးတဲ့အချိန်ပြန်တယ်လို့ ပြောကြတာတွေလည်း ရှိပါတယ် ။) အဲသည် ကင်းလွတ်ခွင့်ရချိန် ပြန်သွားကြသူများမှ အပ ကြွင်းကျန်သော ကိုရီးယားမှာ ရက်လွန်နေထိုင်သူဖြစ်ဖူးသူများဟာ ကိုရီးယားက ထွက်သွားတဲ့ရက်ကစပြီး ၅ နှစ်အတွင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ကိုရီးယားသို့ ပြန်ဝင်ခွင့်မရှိပါဘူး ။

၂-က များအပြစ်ရှိသလား
ဒီဥပဒေကို ရှောင်တဲ့အနေနဲ့ ၊ ကိုရီးယားမှာ ရက်လွန်နေထိုင်ပြီး ပြန်သွားတဲ့သူအချို့ဟာ မြန်မာပြည်ပြန်ရောက်တော့ မြန်မာ့နည်းမြန်မာ့ဟန်နှင့် နိုင်ငံကူးလက်မှတ်အသစ် ကို အမည်သစ်တစ်ခုခုနှင့်လျှောက်ယူကြပါတယ် ။
အဲသည် အမည်သစ်နှင့် ကိုရီးယားကို နောက်တစ်ကျော့ဝင်လာကြသူ(၂-က)တွေ အခု ပြဿနာတက်တာပါ ။ ပထမ တစ်ယောက်ဆို ပြန်ဝင်လာတာ ၄ နှစ်ကျော်ရှိနေပါပြီ ။ မြန်မာပြည် ခွင့်ပြန် အဝင်အထွက်တောင် လုပ်နေပါသေးတယ် ။ နောက်တစ်ယောက်ကတော့ ၂ နှစ်နီးပါးရှိပြီလို့သိရပါတယ် ။ အများသိပ်မသိကြသေးတဲ့ အခြားမြန်မာ တစ်ယောက်ကတော့ လေဆိပ်မှာတင် လဝက ကသိသွားပြီး ပြည်ဝင်ခွင့်ရမသွားပါဘူး ။ ပြန်အကန်ခံရတယ်လို့ ပြောကြတာပေါ့ခင်ဗျာ ။

လက်မှတ်အသစ်ရပြီး များမကြာမှီ
အဲသည် လေဆိပ်မှာတင် ပြန်ကန်ခံရတဲ့သူက ဘာ ပတ်စပို့နှင့်လာတာဆိုတာမသိရပေမယ့် ၊ ပြည်တွင်းမှာ အဖမ်းခံသွားရတဲ့ ၂ယောက်စလုံးမှာ ဖြစ်စဉ်တူတာ ၁ ခုရှိပါတယ် ။ ၂ ယောက်စလုံး အရင် ရိုးရိုးနိုင်ငံကူးလက်မှတ် နှင့် ကိုရီးယားဝင်လာကြတယ် ။ နိုင်ငံကူးစာအုပ်အဟောင်း သက်တမ်းကုန်လို့ မြန်မာသံရုံး(ဆိုးလ်)မှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုက်ကြတယ် ။ ကိုရီးယားပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတော့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးလိုက်တယ် ။ နိုင်ငံကူးလက်မှတ်အသစ်ဟာ စက်ဖြင့်ဖတ်နိုင်သော နိုင်ငံကူးလက်မှတ်တွေ ဖြစ်နေတယ် ။ သူတို့ အဲသည် နိုင်ငံကူးလက်မှတ် အသစ်ကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနသွားပြီး မှတ်တမ်းတင်ကြရပါတယ် ။ ၂ ယောက်စလုံး စာအုပ်သစ်ရတာ ၂ လလောက်ပဲရှိကြသေးတယ်လို့ဆိုတယ် ။ နောက် အင်ချောန်း လေဆိပ်လူဝင်မှုကြီးကြပ်ရေးဌာနက စက်ရုံအရောက် လိုက်လာကြပြီး ဖမ်းသွားတာလို့ ဆိုပါတယ် ။

မြန်မာချည်းပဲ ဒီလိုဖြစ်တယ်မထင်နဲ့ဆရာရေ
ဟိုမှာရောက်တော့ အရင် ရောက်နှင့်နေတဲ့ နိုက်ဂျီးရီးယား ၂ ယောက်နှင့် တစ်ခန်းတည်းနေရတယ်လို့ ပထမဆုံး အဖမ်းခံရသူက ပြောပါတယ် ။ နောက်ထပ် ၂ ရက်လောက်ကြာတော့ ဖိလစ်ပိုင် ၃ ယောက်ထပ်ရောက်လာတယ်လို့ ဆိုပါတယ် ။ ပထမ ၃ ယောက်စလုံး ၁ ခန်းတည်း အတူဝင်လာကြပြီး ခဏကြာတော့ ဖလစ်ပိုင် ၃ ယောက်ကို ၁ ယောက်စီခွဲထားလိုက်တယ်လို့ဆိုပါတယ် ။ အားလုံး ကိုရီးယား ၂ ကျော့ပြန်အမှုတွေချည်းပဲလို့ဆိုတယ် ။ အမှုကိုတော့ ပထမ ဝင်ထားတဲ့ နာမည်နှင့်ပဲ တရားစွဲတယ်လို့ဆိုပါတယ် ။ ကျနော်တို့ မြန်မာတွေ အခုမှ အဲသည်သတင်း ကြားရပေမယ့် နီပေါလ်သားများ အဲသလို အဖမ်းခံနေရတာ ၆ လလောက်ရှိနေပြီလို့လည်း သိရပါတယ် ။

၅နှစ်ကျော် နာမည်ပြောင်းဖို့မလို
နောက် ကိုရီးယားမှာ ရက်လွန်နေထိုင်ဖူးသူဖြစ်ပေမယ့် ၊ ကိုရီးယားက ထွက်သွားတာ ၅ နှစ်ကျော်ကြာပြီးသူများ အမည်ပြောင်းဖို့မလိုဘဲ ယခင်အမည်ဟောင်း နှင့်ပဲ ပြန်လာလို့ရတယ်လို့ဆိုပါတယ် ။ ပြန်လာကြသူတွေလည်း ရှိနေပါတယ် ။ အဲသည်သူများ စိုးရိမ်စရာမရှိဘူးလို့ တတ်သိသူများပြောကြတာကိုလည်း ကြားမိကြောင်းပါခင်ဗျာ ။



ရည်ညွှန်းစာများ -
- http://en.wikipedia.org/wiki/Optical_character_recognition
- http://en.wikipedia.org/wiki/Machine-readable_passport


Read More>>>

Thursday, 7 April 2011

၂၀၁၁ ခုနှစ်အတွက် အီးပီ လုပ်သား အသစ် ၄သောင်း ၈ ထောင်ခေါ်မည်

ကိုရီးယား အစိုးရ နိုင်ငံခြား လုပ်သား အင်အား မူဝါဒကော်မတီ (the Foreign Workforce Policy Committee)သည် ၂၀၁၁ ခုနှစ် နိုင်ငံခြားလုပ်အား မိတ်ဆက်အစီအစဉ် (2011 Foreign Workforce Introduction Plan)ကို ထုတ်ပြန်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ၄၈,၀၀၀ ခေါ်ယူ မည်ဖြစ်ကြောင်း ၊ ၄င်းအရေအတွက်သည် ၂၀၁၀ ခုနှစ် ကခေါ်ယူခဲ့သည့် အလုပ်သမားဦးရေ ၃၄,၀၀၀ ထက် ၁၄,၀၀၀ ပိုမိုလာကြောင်း ၊ ဧည့်လုပ်သားဗီဇာ (H-2) အစီအစဉ်အရ အလုပ်လုပ်ခွင့်ပြုထားသည့် ပြည်ပနွယ်ဖွား ကိုရီးယား လူမျိုးများမှာ ယခင်နှစ် အတိုင်း ၃၀၃,၀၀၀ ဦး ရှိနေမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဗီဇာ သက်တမ်းကုန်ဆုံးမည့် အီး-၉ အလုပ်သမား ၃၅,၀၀၀ နှင့် ရက်လွန်နေထိုင်အလုပ်သမား ၁၃,၀၀၀ တို့အတွက် ယခုနှစ် အလုပ်သမား ၄သောင်း ၈ ထောင်ထပ်မံခေါ် ယူရန်လျာထားခြင်းဖြစ်ကြောင်း ၊ ယခုနှစ်ခေါ်ယူမည့် အလုပ်သမားများကို အဓိကအားဖြင့် စက်မှု ကုန်ထုတ် လုပ်ငန်း တွင် ၄၀,၀၀၀ အသုံးပြုမည်ဖြစ်ပြီး ၊ ကျန် ၈ ထောင်ကိုမူ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၁,၆၀၀ ၊ ၀န်ဆောင်မှုလုပ်ငန်းတွင် ၁၅၀ ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် ၄,၅၀၀ နှင့် မွေးမြူရေးလုပ်ငန်းတွင် ၁,၇၅၀ တို့တွင် အသုံးပြုမည်ဖြစ်ကြောင်း ၊ ယခုနှစ်တွင် ကိုရီးယားနိုင်ငံသားများ မလုပ်လိုကြသော ဆောက်လုပ်ရေး ဘေးထွက်ပစ္စည်း သန့်ရှင်းရေးလုပ်ငန်း နှင့် ဆားချက်လုပ်ငန်းတို့တွင်လည်း နိုင်ငံခြားသား E-9 အလုပ်သမားများကို အသုံးပြုရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။

ကိုရီးယားအစိုးရအနေဖြင့် ပထမ ၆ လပတ်အတွင်း ခွဲတမ်း၏ ၇၅%ကို ခေါ်ယူ အသုံးပြုသွားမည်ဖြစ်သဖြင့် ၊ ၂၀၁၁ ခုနှစ် လုပ်သားခွဲတမ်းများ ခေါ်ယူခြင်း ၃ လစော၍ ကုန်ဆုံးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဘက်ဂျယ်ဝါန်က ပြောသည် ။

တရားမဝင် ဗီဇာ ရက်လွန် အလုပ်သမား ရာခိုင်နှုန်းများသော နိုင်ငံများမှ အလုပ်သမားများ ဆက်လက်ခေါ်ယူခြင်း နှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးခြင်းတို့ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း လုပ်သားအင်အားမူဝါဒကော်မတီ ညွှန်ကြားရေးမှူးချုပ် ဟန်ချန်းဟွန်က ပြောသည် ။

Read More>>>

Wednesday, 6 April 2011

တောင်ကိုရီးယားသွားလိုသူများ အလုပ်သမားရုံးမှန် ရိုက်ခွဲ

ခင်နှင်းလွင်၊ ရန်ကုန်



ဧပြီ ၆၊ ၂၀၁၁


တောင်ကိုးရီးယားသို့ သွားရောက်နိုင်ရေးအတွက် ဘာသာစကား စာမေးပွဲ ဖြေဆိုခွင့် ပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းစဉ် မကျေနပ်သူ တချို့က ဆူပူပြီး ရုံးမှန် ရိုက်ခွဲသည့်အဖြစ် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၄ ရပ်ကွက်ရှိ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ ပင်လုံခန်းမတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ယမန်နေ့က လျှောက်လွှာပုံစံ ၀ယ်ယူရန် စောင့်ဆိုင်းနေသူ တသောင်းခွဲကျော် ရှိပြီး တချို့မှာ နံနက် ၄ နာရီ ၀န်းကျင် ကတည်းက ရောက်ရှိနေကြခြင်း ဖြစ်သည်ဟု သိရသည်။ နံနက် ၉နာရီခွဲတွင် လျှောက်လွှာ စတင် ရောင်းချပေးခဲ့ပြီး ရောင်းသည့်နေရာ၊ ဖြည့်သည့်နေရာနှင့် တင်သည့်နေရာ သီးခြား ခွဲထားခဲ့သည်ဟုလည်း သိရှိရသည်။

ဝန်ထမ်းအင်အားနှင့် ၀ယ်ယူသူ မမျှသဖြင့် ၁၀ နာရီတွင် ရောင်းမပေးတော့ဟု ဆိုပြီး ထိုနေရာမှ ထွက်ခွာကြရန် အသိပေး ကြေညာခဲ့သည်ဟု လျှောက်ထားသူ တဦးက ပြောသည်။ လျှောက်လွှာပုံစံ မရလိုက်သူများက မကျေနပ်သဖြင့် ဆူပူပြီး မှန်များ ရိုက်ခွဲကြသည်။

ရောင်းချမည့် ရက်ကို ၃ ရက်သာ သတ်မှတ်ထားခြင်းကြောင့် လျှောက်လွှာ မတင်လိုက်ရမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ တုံ့ပြန်ကြခြင်း ဖြစ်သည်ဟု လျှောက်လွှာတင်သူ တချို့က ပြောသည်။

ထိုအဖြစ်အပျက်ကြောင့် ၁၂ နာရီနောက်ပိုင်း ပြန်လည် ရောင်းချပေးခဲ့ပြီး တောင်ကိုးရီးယား သံရုံးမှ တာဝန်ရှိသူများ လာရောက်ကာ ရှင်းလင်း ပြောဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း လျှောက်လွှာတင်သူများက စိတ်ဝင်စားခြင်း မရှိဘဲ လျှောက်လွှာရရေးကိုသာ အာရုံ စိုက်နေခဲ့ကြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

“လာလျှောက်တဲ့ အထဲမှာ လူငယ် အများစုပါတယ်။ ချွေးသံတရွှဲရွှဲနဲ့ တော်တော်ကို မျှော်လင့်နေတဲ့ အချိန်၊ သူတို့က မရောင်းပေးဘူး ဆိုတော့ ပေါက်ကွဲကုန်တာပေါ့။ လူငယ်တွေက အလုပ်အကိုင် အခွင့်အလမ်းနည်းတော့ ၀င်ငွေကောင်းမယ့် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ တိုးနေရတာပေါ့” ဟု လူငယ်တစ်ဦးက ပြောသည်။

EPS-Topik ဟု ခေါ်ဆိုနေကြသည့် ကိုးရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်လျှင် အလုပ်လျှောက်လွှာစာရင်းတွင် ပါဝင်ခွင့်ရနိုင်ရုံမျှသာ ဖြစ်ကြောင်း၊ တောင်ကိုးရီးယားသို့ သွားရောက်ခွင့် ရမည်ဟု အာမ မခံကြောင်းလည်း ကြေညာချက်တွင် ဖေါ်ပြထားခဲ့သည်။

စာမေးပွဲကို တောင်ကိုးရီးယား နှင့် မြန်မာ ၂ နိုင်ငံ အလုပ်သမား ၀န်ကြီးဌာနတို့ နားလည်မှု သဘော တူညီချက်ဖြင့် စီစဉ်ခြင်း ဖြစ်ပြီး သွားရောက်ခွင့် ရပါက ကုန်ထုတ် လုပ်ငန်းများတွင် လုပ်ကိုင်ရမည်ဟု ကြေညာချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ လစာ နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သန်းနှင့်ချီပြီး ပြည်ပသို့ သွားရောက်နေကြသည်။ အများဆုံးမှာ ရွှေ့ပြောင်းလုပ်သားဟု ခေါ်ဆိုသည့် ထိုင်းနိုင်ငံရောက် လုပ်သားများဖြစ်ပြီး အနိမ့်ဆုံး ၁ သန်းမှ အများဆုံး ၂ သန်းနီးပါး ရှိနိုင်သည်ဟု လေ့လာချက် စစ်တမ်းများအရ သိရသည်။

အိမ်နီးချင်းနိုင်ငံများအပြင် မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုးရီးယား၊ အရှေ့အလယ်ပိုင်း နိုင်ငံများတွင်လည်း မြန်မာပြည်သား အများအပြား အလုပ် လုပ်ကိုင်နေကြသည်။

http://moemaka.blogspot.com/2011/04/broken-office-window-and-migration-to-s.html

Read More>>>

Tuesday, 5 April 2011

လာမည့် ရက်သတ္တပတ်အတွင်း မြန်မာအပါအဝင် အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) ပေးမည်

တောင်ကိုရီးယားအစိုးရသည် မြန်မာအပါအဝင် အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ပါကစ္စတန် ၊ နီပေါလ် ၊ လာအို ၊ အင်ဒိုနီရှား ၊ သီရိလင်္ကာ နှင့် ကမ္ဘောဒီးယား အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) စနစ်ဖြင့် ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောသည် ။

အဆိုပါဗီဇာသည် ကိုရီးယားနိုင်ငံသို့ ၆ လအတွင်း ၂ ကြိမ်ဝင်ခွင့်ရသည့်ဗီဇာ (double-entry visa) စနစ်ဖြစ်သည်ဟု ဆိုပါသည် ။

အဆိုပါ ဗီဇာ ရရှိရန် ၊ ဗီဇာ လျှောက်ထားသူအနေဖြင့် လုပ်ငန်းအခြေအနေ သို့မဟုတ် ဘဏ္ဍာရေးအခြေအနေပြ အထောက်အထား တင်ပြဖို့လိုအပ်ကြောင်း ၊ အုပ်စုဖွဲ့ခရီးသွားများ (Group tourists) ကိုမူ ခရီးသွားကုမ္ပဏီက အာမခံသည့်စနစ်ဖြင့် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း ၊ ထို့ပြင် ကိုရီးယားနိုင်ငံသားများ၏ နိုင်ငံခြားသား အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ ၊ ကိုရီးယားနိုင်ငံမှ တက္ကသိုလ် ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) ကိုမူ ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ထုတ်ပေးမည်ဟု ဆိုပါသည် ။
လက်ရှိအခြေအနေတွင် အဆိုပါ အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ကို (၁) နှစ်ဝင်ငွေ ဒေါ်လာ၁သောင်းအထက် ဝင်ငွေရှိသူများ ၊ ဆရာဝန်စသည့် အတတ်ပညာရှင်များ နှင့် မီဒီယာလုပ်သားများ(media-related employees) ကို သာ ထုတ်ပေးထားသည်ဟု ဆိုပါသည် ။

ကမ္ဘာ့လူဦးရေ၏ ၅ ပုံ ၁ ပုံရှိသည့် အာရှဒေသ ပြည်သူများအား တက်ကြွသည့် အနာဂါတ် ခရီးသွားဧည့်သည်တော်များအဖြစ် ကိုရီးယားအစိုးရက မျှော်လင့်ထားသည်ဟု ဆိုပါသည် ။

ကိုရီးယားအစိုးရအနေဖြင့် ယခင်နှစ်က အဆိုပါ အထူးဗီဇာ စနစ်ကို တရုတ်နိုင်ငံ သို့ ထုတ်ပေးခဲ့ရာ လွန်ခဲ့သည့် နှစ်ထက် တရုတ် ခရီးသွား ၄၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟု ဆိုပါသည် ။

ရည်ညွှန်းသတင်းများ -
- http://www.koreaherald.com/national/Detail.jsp?newsMLId=20110329000790
- http://joongangdaily.joins.com/article/view.asp?aid=2934121
- http://media.joinsmsn.com/article/604/5264604.html

Read More>>>

Sunday, 23 January 2011

နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်နေသူများ ပြည်ပြန်ဝင်ခွင့်ဗီဇာ မလိုဘဲ လွတ်လပ်စွာဝင်ထွက်ခွင့်ရှိဟုဆို

ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ကျော်ကြာနေထိုင်ပြီး နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်ထားသူ နေထိုင်ခွင့်(Stay) ကျန်ရှိနေသေးသည့် နိုင်ငံခြားသားများသည် နေထိုင်ခွင့်ရှိနေစဉ်အတွင်း ပြည်ပြန်ဝင်ခွင့်ဗီဇာ(Re-entry Visa) မယူဘဲ ကိုရီးယားနိုင်ငံအတွင်းသို့ လွတ်လပ်စွာ ပြည်ပြန်ဝင်ခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကြီး တစ်ဦးက ပြောသည် ။

အဆိုပါ ဥပဒေမှာ ဥပဒေပြင်ဆင် ထုတ်ပြန်ထားချက် အသစ် ဖြစ်သဖြင့် သိရှိသူနည်းပါးနေသေးကြောင်း ၊ အချို့ အီးပီအက်စ် လုပ်သားများ စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရကြောင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် လေကြောင်းလိုင်းများသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်သဖြင့် ထိုသို့စိုးရိမ်စရာမလို ကြောင်း ၊ စိုးရိမ်မှုရှိသူများအဖို့ ပြည်ဝင်ခွင့်ဗီဇာကို သီးသန့်လျှောက်ထားရယူလိုသည်ဆိုလျင်လည်း လျှောက်ထားရယူနိုင်ပါကြောင်း ၊ ထို့ပြင် မိမိတို့ လုပ်ငန်းရှင်များထံမှ ပြည်ပြန်ဝင်ခွင့် သဘောတူညီချက် (재입국 동의서 )ကိုပါ ရယူသွားနိုင်ကြောင်း ၄င်းအရာရှိကြီးကပင် အကြံပြုပါသည် ။
အဆိုပါ သတင်းနှင့် ပတ်သက်၍ဖြစ်စေ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပတ်သက်သော အခြားသိလိုသည့် အကြောင်းအရာ များရှိလျင်ဖြစ်စေ ဖုန်းနံပါတ် 1346 သို့ဆက်သွယ်နိုင်ကြောင်း မြန်မာဘာသာဖြင့် ပြောဆိုလိုသူများအနေဖြင့် လိုင်းခွဲ (extension) 15 သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည် ။ ထို့ပြင် အင်တာနက်စာမျက်နှာ www.hikotra.go.kr နှင့် www.immigration.go.kr တို့တွင်လည်း ဝင်ရောက် ကြည့်ရှု ဆက်သွယ်နိုင်ကြောင်း ၊ အဆိုပါ လူဝင်မှု ကြီးကြပ်ရေး အရာရှိကြီးက ကိုရီးယား အလုပ်သမားငှားရပ်းခွင့်စနစ် အလုပ်သမားလောင်းများအတွက် နာရီ၂၀ ကြာ အလုပ်ခွင် အကြိုသင်တန်း အစီအစဉ် တွင် ထိုသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည် ။

Read More>>>

Thursday, 13 January 2011

အပြန်စရိတ်အာမခံအပ်နှံငွေ တောင်းခံနည်း

ခုတလော ကျနော်တို့ကိုရက်ပ်စ်-မြန်မာလုပ်သားတွေ အိမ်ပြန်အာမခံငွေ ထုတ်ဖို့ တစ်နိုင်ငံလုံး လိုက်မေးပြီး အလုပ်ရှုပ်နေကြတဲ့သူတွေရှိသလို ၊ တစ်ချို့ကျပြန်တော့ အာမခံကြေး မရတော့ဘူးထင်ပြီး ၊ မတောင်းပဲပြန်သွားကြတဲ့သူတွေလည်းရှိ ၊ ဟော တစ်ချို့တော့လည်း ဟိုဟာလုပ်မပေးရင် အိမ်ပြန်စရိတ် အာမခံငွေ မပေးတော့ဘူးဆိုပြီး အကြပ်ကိုင် ခြိမ်းခြောက်ခံနေကြရသူတွေလည်း ရှိနေပြန်ပါတယ် ။ (ဟိုဟာလုပ်ခိုင်းနေတဲ့ကိစ္စကိုတော့ သပ်သပ်ရေးပါဦးမယ်။)
ဒီတော့ ကျနော်တို့ ကိုကိုရွှေမြန်မာများ အိမ်ပြန်စရိတ်အာမခံကြေးထုတ်ယူဖို့ကိစ္စ ၊ ဘယ်သူ့ကိုမှ ဒုက္ခပေးမနေတော့ဘဲ ၊ ကိုယ့်အားကိုယ်ကိုးစံနစ်နဲ့လုပ်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ်ဗျား။
*****
- ကိုရက်ပ်စ်နှင့်အဓိက အာမခံ ၄မျိုး (4 Major Insurance)ကိုရက်ပ်စ် အလုပ်သမားတစ်ဦးဟာ အောက်ဖော်ပြပါ အာမခံစနစ်များကို အလို အလျောက် ခံစားခွင့် ရရှိကြပါတယ် -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- လုပ်ငန်း အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) ။
- အမျိုးသား အငြိမ်းစားလစာ (National Pension) ။ (နီပေါ ၊ ဗီယက်နမ် ၊ ဘင်္ဂလားဒေ့ရှ် ၊ မြန်မာ ၊ ပါကစ္စတန် ၊ တူရကီ ၊ ယူကရိန်း နှင့် ရုရှား နိုင်ငံသားများ မပါ )
*****
- ကိုရက်ပ်စ်-လုပ်သားများ အာမခံ နှင့် အပေါင်ငွေ (Insurance & Trust) ၄မျိုးအောက်ဖော်ပြပါ အာမခံနှင့်အပေါင်ငွေ၎မျိုးကိုတော့ မထားမနေ ထားကြရပါတယ် ။ မထားလျင် ပြစ်ဒဏ်များ ပြဋ္ဌာန်းထားပါတယ် ။ အာမခံကြေး ၂ မျိုးကို အလုပ်သမား ကိုယ်တိုင်က ပေးသွင်းကြရပြီး ၊ ၂ မျိုးကိုတော့ အလုပ်ရှင်က ပေးသွင်းကြရမှာပါ ။
- အရေးပေါ်အာမခံ (Casualty Insurance) ။
- အပြန်စရိတ်အာမခံ အပ်နှံငွေ (Return Cost Insurance Trust) ။ စာချုပ်အတည်ဖြစ်ပြီး ရက်ပေါင်း ၈ဝ အတွင်း ထားရှိရမှာ ဖြစ်ပါတယ် ။ ကိုရီးယားမှ ပြန်လည်ထွက်ခွါရမည့်အချိန်တွင် အပြန် စရိတ် လွယ်ကူ ဖူလုံမှုရှိစေရန် စုဆောင်းထားရှိရသည့် အာမခံ (အပေါင်ငွေ) ဖြစ်ပါတယ် ။ အဆိုပါအာမခံ မထားလျင် ဒဏ်ငွေမှာ ဝမ် ၈ သိန်း ဖြစ်ပါတယ် ။ အာမခံငွေကို သက်ဆိုင်ရာ အလုပ်သမားက ပေးသွင်း ရမှာ ဖြစ်ပါတယ် ။ (귀국비용보험)
- ပြည်ထွက် အာမခံ (Departure Guarantee Insurance) ။ အလုပ်သမား ၅ ဦးနှင့်အထက် ရှိသော အလုပ်ရုံ စက်ရုံများအတွက် အလုပ်ရှင်က ထားရှိရသည့် အာမခံ ဖြစ်ပါတယ် ။ လစဉ်ဖျမ်းမျှလစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ် ။ အဆိုပါ အာမခံမထားလျင် ဝမ် သန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ အဆိုပါ အလုပ်ရုံမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ပြီး အလုပ်သမား တစ်ဦးဦး (နိုင်ငံခြားသား လုပ်သားများအပါအဝင်) ဟာ အဆိုပါ အလုပ်ရုံမှ အနားယူ သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ၁ လစာ ( အကြမ်းဖျင်း) ကို လုပ်သက်ဆုကြေး (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ အလုပ်ရှင်မှ မပေးလျင် အာမခံ ကုမ္ပဏီသို့ တောင်းခံလျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ် ။ ၁-နှစ်မပြည့်ဘဲ အလုပ်ရုံမှ ထွက်လျင် (ပြေးလျင်) သို့မဟုတ်ပြောင်းလျင် အာမခံထားပေးသူ(အလုပ်ရှင်)က ပြန်လည်ထုတ်ယူနိုင်သော အာမခံငွေ ဖြစ်ပါတယ် ။(출국만기보험)
- လုပ်အားခ အာမခံ (Wage Guaranty Insurance) ။
*****
တောင်းခံကြရမည့်နေရာ-Samsung Fire & Marine Insurance
Samsung Insurance Building
87, Euljiro 1 Ga,
Choong Gu, Seoul
Korea 100-191
Tel: 02-2119-2400
Fax: 0505-161-1421
သို့မဟုတ်
Korean Human Resources Development Service Center
370-4, Gongdeok Dong,
Map’o Gu, Seoul
Tel: 02-3271-9436~37
Fax: 02-3771-9348
*****
လိုအပ်သည့်စာရွက်စာတမ်းများ- နိုင်ငံခြားသားမှတ်ပုံတင်ကပ်ပြား သို့မဟုတ် နိုင်ငံကူးလက်မှတ် မိတ္တူ
- အလုပ်သမားနာမည်ဖြင့်ဖွင့်လှစ်ထားသော ဘဏ်စာအုပ်မိတ္တူ
- ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာ(출국예정사실확인서)
*****
တောင်းခံရမည့်အချိန်- ကိုရီးယားနိုင်ငံမှ အပြီးအပိုင်ထွက်ခွါရန် ပြင်ဆင်ပြီးချိန် ။
*****
တောင်းခံရန်နည်းလမ်း- 고용지원센터 ခေါ် (အလုပ်သမားဝန်ကြီးဌာန) အလုပ်အကိုင်ထောက်ပံ့ရေးဌာနသို့ ၊ မိမိကိုရီးယားမှ ထွက်ခွါမည့်အချိန်ကို လေယာဉ် သို့မဟုတ် သင်္ဘောလက်မှတ်နှင့်တကွ သတင်းပို့ရပါမည် ။
- ၄င်း အလုပ်အကိုင်ထောက်ပံ့ရေးဌာနမှ ပြည်တော်ပြန်ရန်မှန်ကန်ကြောင်းထောက်ခံစာကို ထုတ်ပေးပါမည် ။ ၄င်း ထောက်ခံစာကို အာမခံငွေတောင်းခံလွှာ (ဒီမှာနှိပ်ကြည့်) ၊ အခြား လိုအပ်သော စာရွက် စာတမ်းများ နှင့်အတူ ဆမ်ဆောင်းမီးနှင့်ရေကြောင်းအာမခံဌာနသို့ ဖြစ်စေ ၊ ကိုရီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနသို့ဖြစ်စေ ဖက်စ်ဖြင့် သို့မဟုတ် လူကိုယ်တိုင်သွား၍ ပေးပို့ရပါမည် ။
သင် ကိုရီးယားမှ မထွက်ခွါမှီ သင့်ဘဏ်စာရင်းထဲသို့ လျှောက်ထားငွေများ ရောက်လာပါလိမ့်မည် ။
(ဆမ်ဆောင်းအာမခံသို့ တိုက်ရိုက်လျှောက်ထားခြင်းက ပို၍ အဆင်ပြေစေမည်ဟုယူဆပါသည်။)
အားလုံးအဆင်ပြေကြစေကြောင်း ဆုမွန်များတောင်းလိုက်ပါတယ် ။




လေးစားလျက်-
ကိုဝိုင်း(မိုးညှင်း)

Read More>>>